PAOK အသင်းမှ ထွက်ခွာလာပြီးနောက် အနာဂတ်လမ်းပျောက်နေတဲ့ ယူနိုက်တက်ကြယ်ပွင့်ဟောင်း ကာဂါဝါ

တစ်ချိန်တုန်းက ဒေါ့မွန်အသင်းရဲ့ကြယ်ပွင့်ဖြစ်ခဲ့ပြီး
ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်
ခေါ်ယူခဲ့ဖူးတဲ့ ဂျပန်ကွင်းလယ်လူ ကာဂါဝါဟာ
လက်ရှိအချိန်မှာ ကလပ်လက်မဲ့ဖြစ်နေပါတယ်။
အသက် ၃၂နှစ်အရွယ်ရှိ ကာဂါဝါဟာ
ဒီဇင်ဘာလလယ်က ဂရိကလပ် PAOK အသင်းနဲ့
လမ်းခွဲခဲ့ပြီးချိန်ကတည်းက ကလပ်လက်မဲ့ဖြစ်နေပါတယ်။
သူဟာ ၂၀၂၁ ဇန်နဝါရီလက ဇာရာဂိုဇာကနေ
အရစ်သီဆာလိုနီကီအသင်းကို ရောက်လာပြီးနောက်
တစ်နှစ်မပြည့်ခင်မှာပဲ ဂရိစူပါလိဂ်ကနေ ထွက်ခွာလာတာပါ။
သူဟာ စက်တင်ဘာလနောက်ပိုင်းကတည်းက
ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့ရပြီးနောက်
PAOK အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။


ဂျပန်ဘောလုံးလောကရဲ့ ပြယုဂ်အဖြစ်
ကာလရှည် ရပ်တည်ခဲ့တဲ့ ကာဂါဝါဟာ
ငယ်ငယ်ရွယ်ရွယ်နဲ့ ကစားသမားဘဝကနေ
အနားယူရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
သူဟာ အသက် ၂၁ နှစ်အရွယ် ၂၀၁၀ ခုနှစ်က
ဆီရီဇိုအိုဆာကာအသင်းကနေ ဒေါ့မွန်ကို
ရောက်လာတာဖြစ်ပြီး အဲဒီဈေးကွက်မှာပဲ
တိုက်စစ်မှူး လီဝန်ဒေါစကီးက ပိုလန်ကလပ်
လက်ချ်ပေါ့ဇ်နန်အသင်းကနေ
ဒေါ့မွန်ကို ရောက်လာခဲ့တာပါ။


ကာဂါဝါဟာ ဒေါ့မွန်အသင်းနဲ့အတူ
အောင်မြင်မှုတွေ အများအပြားရယူနိုင်ခဲ့ပြီး
၂၀၁၀-၁၁ ရာသီက ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့သလို
နောက်တစ်ရာသီမှာလည်း ပြည်တွင်းဖလား ၂လုံး ချန်ပီယံဖြစ်ခဲ့ပါတယ်။
အဲဒီနောက် သူဟာ ၂၀၁၂ နွေရာသီမှာ
ယူနိုက်တက်ကို ပေါင် ၁၂သန်းနဲ့ ရောက်သွားပေမယ့်
ပရီးမီးယားလိဂ်မှာ မျှော်လင့်ထားသလိုဖြစ်မလာဘဲ
၂၀၁၄ သြဂုတ်လမှာတော့ ဒေါ့မွန်ကို
ပေါင် ၇.၂သန်းနဲ့ ပြန်ရောက်သွားပါတယ်။
ကာဂါဝါအနေနဲ့ မွေးရပ်မြေ ဂျပန်ကို
ပြန်လာဖို့များနေပေမယ့် သူ့ရဲ့အသက်အရွယ်အရ
ဥရောပမှာ ဆက်ကစားနိုင်ဖို့ မျှော်လင့်နိုင်ပါသေးတယ်။