L’Equipe ရဲ့အကောင်းဆုံးအသင်းမှာ မက်ဆီရော ရော်နယ်ဒိုပါ အတူတူချန်လှပ်ခံရ

ပြင်သစ်နိုင်ငံရဲ့နာမည်ကြီး သတင်းစာ L’Equipe က

၂၀၂၁ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးအသင်းကို

ရွေးချယ်ခဲ့ရာ ပရီးမီးယားလိဂ်ကြယ်ပွင့်အများအပြား ပါဝင်လာပေမယ့်

၂၀၂၁ မှာ ၇ကြိမ်မြောက် ရွှေဘောလုံးဆုရရှိခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး

မက်ဆီကတော့ ချန်လှပ်ခံခဲ့ရပါတယ်။

အသက် ၃၄နှစ်အရွယ်ရှိ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ

လက်ရွေးစင်အသင်းနဲ့အတူ ပထမဆုံးအောင်မြင်မှုအဖြစ် ကိုပါအမေရိကဖလားချန်ပီယံဖြစ်ခဲ့သလို

ပြီးခဲ့တဲ့ရာသီကလည်း ဘာစီလိုနာနဲ့အတူ စပိန်ဘုရင့်ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

သူဟာ ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ် ၅ပွဲမှာ ၅ဂိုးသွင်းယူထားနိုင်ပေမယ့် လိဂ်မှာတော့ အခုချိန်အထိ

စုစုပေါင်း ၁ဂိုးသာသွင်းယူနိုင်သေးရာ L’Equipe သတင်းစာက

တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ယူနိုက်တက်ကြယ်ပွင့် ရော်နယ်ဒိုနဲ့အတူ

မက်ဆီကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှာ ဘိုင်ယန်မှ လီဝန်ဒေါစကီးနဲ့ ရီးရဲလ်မှ ဘန်ဇီးမားတို့

ပါဝင်လာပြီး ၂၀၂၁ အတွက် FIFA’s World XI မှာ အံ့အားသင့်ဖွယ်

ချန်လှပ်ခံခဲ့ရတဲ့ လီဗာပူးတိုက်စစ်မှူး ဆာလာက ဒီစာရင်းမှာတော့

ညာတောင်ပံနေရာကနေ ပါဝင်လာပြီး ဘယ်ဘက်မှာ ဒီဘရိုင်းနား ပါဝင်လာပါတယ်။

ကွင်းလယ်ဗဟိုမှာ ချဲလ်ဆီးအသင်းသားတွေဖြစ်တဲ့ ဂျော်ဂျင်ညိုနဲ့ ကန်တီတို့ ရွေးချယ်ခံခဲ့ရပြီး

ဂိုးသမားကလည်း ချဲလ်ဆီးအသင်းသား မန်ဒီဖြစ်ပါတယ်။

ပြင်သစ်လိဂ်မှာ ကစားနေသူဆိုလို့ ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟို့စ်ပဲ ရွေးချယ်ခံခဲ့ရပြီး

မန်စီးတီးမှ ဒီယက်စ်နဲ့အတူ ဗဟိုခံစစ်မှာ ပါဝင်လာပါတယ်။

ညာနောက်ခံလူအဖြစ် လီဗာပူးကြယ်ပွင့် အာနိုးလ်နဲ့ ဘယ်နောက်ခံလူအဖြစ် အေစီမီလန်အသင်းမှ သီယိုဟာနန်ဒက်ဇ်တို့

ရွေးချယ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်မှ ၇ဦးနဲ့ ကျန်လိဂ်ကြီး ၄ခုမှ တစ်ဦးစီ ပါဝင်လာပါတယ်။