ဘရူနို လေးစားအားအကျဆုံးကစားသမားက စီရော်နယ်လ်ဒိုပါ..

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူ လေးစားအားအကျဆုံး ကစားသမားက လက်ရွေးစင်အသင်းဖော် စီရော်နယ်လ်ဒိုဖြစ်ပြီး စီရော်နယ်လ်ဒိုကစားခဲ့တဲ့ပွဲတွေကို ပြန်ကြည့်ရင် စိတ်ဓာတ်ခွန်အားတွေ ရရှိစေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်မှာ ကျင်လည်နေဆဲဖြစ်သူ စီရော်နယ်လ်ဒိုဟာ အခုအချိန်အထိ အကောင်းဆုံးခြေစွမ်းတွေပြသနေဆဲဖြစ်သလို လာမယ့်ယူရို-၂၀၂၀ပြိုင်ပွဲမှာ ပေါ်တူဂီအသင်း လက်ရှိချန်ပီယံဘွဲ့ ကာကွယ်နိုင်ဖို့အတွက် ဦးဆောင်သွားဦးမှာပါ။

စီရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိကစားခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားတွေအများကြီးရယူခဲ့တဲ့အပြင် ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမား၊ Ballon d’Or ဆုတို့လို တစ်ဦးချင်းအကောင်းဆုံးဆုတွေပါ ပိုင်ဆိုင်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို မပြောင်းခင် စီရော်နယ်လ်ဒိုဆီက အကြံတောင်းခံခဲ့ဖူးပြီး သူက စီရော်နယ်လ်ဒိုလိုမျိုး အောင်မြင်တဲ့ကစားသမားတစ်ဦးဖြစ်လာဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဝက်ဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ ဘရူနိုဖာနန်ဒက်စ်က “ခရစ္စတီယာနိုဟာ ငယ်ငယ်လေးကတည်းက ကျွန်တော်အကြိုက်ဆုံးကစားသမားဆိုတာ အားလုံးအသိပါပဲ။

ကျွန်တော်တို့နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ယူရို-၂၀၀၄ ပြိုင်ပွဲမှာ စီရော်နယ်လ်ဒိုဟာ နိုင်ငံအသင်းအတွက် ပထမဆုံးအကြိမ် ယူရိုပြိုင်ပွဲဆင်နွှဲခဲ့ပြီး အဲဒီအချိန်တုန်းက ကျွန်တော့်အသက်က (၉)နှစ်သာရှိပါသေးတယ်။

ကျွန်တော်တို့အသင်း ဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့တာကြောင့် ယူရို-၂၀၀၄ ပြိုင်ပွဲက ဘယ်တော့မှမေ့လို့မရတဲ့ပြိုင်ပွဲတစ်ခုပါ။

စီရော်နယ်လ်ဒိုကို အဲဒီအချိန်ကတည်းက ကျွန်တော် အားပေးစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

သူ့ကို လေးစားအားကျရတဲ့အကြောင်းက စီရော်နယ်လ်ဒိုဟာ နေ့တိုင်းကြိုးစားလေ့ကျင့်တယ်၊
စိတ်ဓာတ်ခိုင်မာတယ်၊ ပွဲတိုင်းကို ရာနှုန်းပြည့် ပေးဆပ်ကစားလေ့ရှိတာတွေပါပဲ။

ပွဲတိုင်းလိုလို သူက ဂိုးသွင်းလေ့ရှိပြီး တစ်ပွဲပြီးတစ်ပွဲ စီရော်နယ်လ်ဒိုဟာ ပိုကောင်းတဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့၊ ခြေစွမ်းတိုးတက်လာဖို့ အမြဲကြိုးစားနေတာပါ။

အဲဒါက ကျွန်တော့်အတွက် အားကျစရာကောင်းတဲ့အချက်ဖြစ်ပြီး အဲဒီလိုပြင်းထန်တဲ့စိတ်ဓာတ်ကြောင့်ပဲ ကျွန်တော်ဟာ အခုလောက်အထိတိုးတက်လာတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက်အသင်းအတွက် စီရော်နယ်လ်ဒို စွမ်းဆောင်ခဲ့သလိုမျိုး ကြီးမားတဲ့အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုမရခဲ့ပေမယ့် ပြိုင်ပွဲစုံ(၂၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၈)ကြိမ်ပြုလုပ်ခဲ့ပြီး

အကောင်းဆုံးကစားနိုင်ခဲ့သလို ယူနိုက်တက်အသင်း (၁)နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို (၂)နှစ်ဆက်တိုက်ရရှိခဲ့ပါတယ်။