ချန်ပီယံလိဂ် ချန်ပီယံက ဘယ်သူလဲ?

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဒုတိယ အကြိမ်မြောက် အဖြစ် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဖိုင်နယ်မှာ အင်္ဂလန် အသင်း ၂ သင်း ထိပ်တိုက် တွေ့ဆုံနေပါတယ်။

မန်စီးတီးဟာ ဒီရာသီမှာတော့ ကွာတားဖိုင်နယ် အဆင့် ကနေ ကျော်ဖြတ်နိုင်ခြင်း မရှိတဲ့ ကျိန်စာဆိုးကို အကောင်းဆုံး ပုံစံနဲ့ ချေဖျက်နိုင်ခဲ့ ပါတယ်။


စီးတီးဟာ ဆီမီးဖိုင်နယ် အဆင့်မှာ ပီအက်စ်ဂျီကို ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့တဲ့ အပြင် ပြည်တွင်းမှာလည်း ဆုဖလား ၂ လုံး သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်တာကြောင့် လာမယ့်ဖိုင်နယ်မှာ အောင်နိုင်မယ့် အသင်းအဖြစ် ရေပန်းစားနေတာပါ။


ဒါပေမယ့်လည်း ချယ်လ်ဆီးကို လျှော့တွက်လို့တော့ မရပါဘူး။

တူချယ်လ် တစ်ယောက် ဂွာဒီယိုလာကို တစ်ဂိုးတည်းနဲ့ ကြေကွဲအောင် လုပ်နိုင်ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိပါတယ်။


ယူနိုက်တက် ကစားသမားဟောင်း အိုဝင်ကတော့ အခုလိုမျိုး ခန့်မှန်းသုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင်က”စီးတီးတို့ဟာ ပီအက်စ်ဂျီနဲ့ နှစ်ကျော့ယှဉ်ပြိုင်ကစားပြီး ထိုက်ထိုက်တန်တန် အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းပွဲတွေမှာ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရဖို့လည်း ရေပန်းအစားဆုံး ဖြစ်လာနေခဲ့ပါတယ်။”
“ပြီးခဲ့တဲ့ နှစ်ပတ်လောက်အတွင်း အမှတ်ပေးပွဲတွေမှာ ယှဉ်ပြိုင်ကစားခဲ့မှုတွေအရ စီးတီးက ပြင်ဆင်မှုတွေ လုပ်ထားခဲ့ပါတယ်။


ချယ်လ်ဆီးအသင်း ရလဒ် အနည်းငယ် ထိခိုက်နေတာက ဂွာဒီယိုလာရဲ့ အသင်းအတွက် အကျိုးအမြတ်လည်း ဖြစ်သွားနိုင်ပါတယ်။


“မန်စီးတီးရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးချန်ပီယံလိဂ် ဆုဖလား ကိုင်မြောက်ခွင့်ကို တားဆီးဖို့က ခက်ခဲပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းက တူချယ်လ်ရဲ့ အသင်းကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားနိုင်ပါတယ်” ဆိုပြီး ပြောထားပါတယ်။


မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပရိသတ်များစုဝေးကြည့်ရှုအားပေးနိုင်ရန်အတွက် အသင်းရဲ့အကယ်ဒမီလေ့ကျင့်ရေးကွင်းတွင် ကြီးမားတဲ့ ရုပ်သံ Screen တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။