ရော်နယ်ဒိုစံချိန်မချိုးနိုင်အောင် ဘာမှမလုပ်ထားဘူး၊ ကျွန်တော်ဖြူစင်တာ ကျွန်တော်ပဲသိတယ်-ပီလီ

ဘောလုံးသမားတွေအတွက် စံချိန်ကောင်းတွေ၊ ဆုဖလားတွေ၊ ဆုတံဆိပ်တွေဆိုတာ အရမ်းကို အရေးကြီးပါတယ်။ သူ့ထက်သူ စံချိန်ချိုးနိုင်မှ ဘောလုံးလောက တိုးတက်မှာဖြစ်ပေမယ့်၊ အခြားတစ်ဖက်မှာတော့ ထိပ်တန်းဘောလုံးသမားတွေက သူတို့သာ အမြင့်ဆုံးစံချိန်တွေတင်ထားချင်ကြပါတယ်။ သူတို့ရဲ့ စံချိန်ကို ကျော်ဖြတ်မယ့် နောက်မှ ပေါက်တဲ့ ရွှေကြာပွင့်တွေ ပေါ်ထွက်လာတာကို လိုချင်မှလိုချင်ကြတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘရာဇီးလ်ဂန္ထဝင်ကစားသမားကြီးပီလီဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ရရှိခဲ့တဲ့ တရားဝင်အသိအမှတ်ပြုထားတဲ့ သွင်းဂိုးအရေအတွက်ကို ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုတစ်ယောက် ကျော်ဖြတ်ပြီးတဲ့ နောက် မှာ အင်စတာဂရမ်ရဲ့ဘိုင်အို ကို ပြောင်းလဲမှုတွေပြုလုပ်ခဲ့လို့ အကြီးအကျယ်ဝေဖန်မှုတွေခံခဲ့ရပါတယ်။

ဂျူဗီတိုက်စစ်မှူးရော်နယ်ဒိုဟာ အူဒီနီးနဲ့ပွဲမှာ အသင်းအတွက်၂ဂိုးသွင်းယူပေးခဲ့ပြီးနောက် ပီလီရဲ့ သွင်းဂိုး ၇၅၇ ဂိုးစံချိန်ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပီလီ က စီရော်နယ်ဒို သူ့ရဲ့ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်အပြီး အင်စတာဂရမ်မှာ သူဂိုးသွင်းတဲ့ အရေအတွက်ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ပီလီ က (၁၂၈၃)ဂိုး နဲ့ သူဟာ ကမ္ဘာပေါ်မှာ ဂိုးသွင်းအများဆုံးသူဖြစ်တယ်လို့ ပြောင်းလဲခဲ့တာပါ။ဒါပေမယ့် အခုအချိန်မှာတော့ ပီလီ က အဲဒီကိစ္စကို တုံ့ပြန်လာပါတယ်။

ကမ္ဘာ့ဖလား (၃)ကြိမ်ရရှိထားတဲ့ပီလီ က “ကျွန်တော့်ရဲ့စံချိန်တွေကို ချိုးဖျက်နေတဲ့ နာမည်ကြီးကစားသမားတွေကို ပြန်လည်လွှမ်းမိုးနိုင်ဖို့ ကျွန်တော်က အင်စတာဂရမ် ဘိုင်အိုတွေကို ပြောင်းလဲခဲ့တယ်ဆိုပြီး မီဒီယာတွေက ကျွန်တော့်ကိုစွပ်စွဲတိုက်ခိုက်ကြပါတယ်။ကျွန်တော်ဆိုရှယ်မီဒီယာကို အသုံးပြုကတည်းက ဘိုင်အိုမှာ ထားတဲ့ စာသားတွေ၊ အချက်အလက်တွေက နဂိုကတည်းကအမြဲတမ်းအတူတူပါပဲ။”

“ကျွန်တော်ဘာမှမလုပ်ပါဘူး။ အဲဒီအချက်အလက်တွေ၊ အဖြစ်အပျက်တွေက မယုံကြည်နိုင်လောက်အောင်ရရှိထားတဲ့ ကောင်းမွန်တောက်ပတဲ့ အောင်မြင်မှုတွေကို မပျက်စီးစေနိုင်သလို၊ ကျွန်တော်တို့အားလုံးကို လည်း အာရုံမပျံလွင့်စေသင့်ပါဘူးလို့”ရေးသားထားပါတယ်။

ပီလီရဲ့ များပြားလှတဲ့ အငြင်းပွားဖွယ် ဂိုးကွာခြားချက်တွေကို အချို့တွေကတော့ မြို့နယ်အဆင့်၊ရပ်ကွက်အဆင့် (သို့) သေးငယ်တဲ့ဘောလုံးပွဲစဉ်တွေမှာ သွင်းခဲ့တဲ့ဂိုးတွေကို ထည့်သွင်းရေတွက်ထားတာလို့ပြောကြပါတယ်။ အဲဒီသွင်းဂိုးတွေကို ရေတွက်ဖို့အတွက် တရားဝင်ဘောလုံးစည်းမျဉ်း၊စည်းကမ်းတွေ၊ ကွင်းဝတ်စုံတွေနဲ့ ကစားတာလားဆိုတာလည်း သိဖို့ လိုအပ်ကြောင်း ပြောဆိုထားကြပါတယ်။ ပီလီကတော့ သားဘာမှမလုပ်ဘူး၊ သားဖြူစင်တာ သားပဲသိတယ်ဆိုတဲ့ ပုံစံတုံ့ပြန်ထားပါတယ်။