မော်ရင်ဟို သင်ခန်းစာ ပေးတာ ခံလိုက်ရတဲ့ ဟတ်ဆယ်ဘိန့်

ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှူးဟောင်း ဟတ်ဆယ်ဘိန့်ဟာ ယခုလက်ရှိစပါးအသင်းမှာ အလီနဲ့မော်ရင်ဟို ပြဿနာတက်နေတဲ့ပုံစံမျိုးဟာ ၂၀၀၄ ခုနှစ် မော်ရင်ဟိုချယ်လ်ဆီးစရောက်ခါကစ သူ့ကို ဆက်ဆံခဲ့ပုံနဲ့တူညီနေကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဟတ်ဆယ်ဘိန့်ဟာ မော်ရင်ဟိုမရောက်မီ ချယ်လ်ဆီးအသင်းရဲ့ပင်တိုင်ဂိုးသွင်းရှင်ဖြစ်ပြီး မော်ရင်ဟိုရောက်လာခဲ့ပြီးနောက် အသင်းရဲ့တိုက်စစ်ကို ဒရော့ဘာနဲ့ ကတ်ဇ်မန်းတို့ခေါ်ယူကာအားဖြည့်တာ ဖြစ်ပါတယ်။ အထူးသဖြင့် မော်ရင်ဟိုလက်ထက်မှာ ဒရော့ဘာဟာ ပင်တိုင်ကစားသမားဖြစ်လာပြီး ဒတ်ချ်တိုက်စစ်မှူးအနေနဲ့ တဖြည်းဖြည်းနေရာပျောက်ဆုံးလာခဲ့တာ ဖြစ်ပါတယ်။


ဟတ်ဆယ်ဘိန့်ကပြောကြားရာမှာ “ မော်ရင်ဟိုက အလီကို ကျွန်တော့်ဖြစ်ရပ်ကို ဥပမာထားပြီး သူဘယ်လိုစီမံခန့်ခွဲတတ်တယ်ဆိုတာကို ပြနေပါတယ်။ သူကအသင်းရဲ့ နာမည်ကြီးကစားသမားတွေကိုလည်း လက်လွှတ်ဖို့ ဝန်မလေးကြောင်း ပြောကြားခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ပင်တိုင်ဂိုးသွင်းရှင်ဖြစ်တာတောင် နောက်ထပ်တိုက်စစ်မှူး ၂ ယောက်ခေါ်ယူခဲ့တာပဲကြည့်ပါ”


“မော်ရင်ဟိုက အသင်းမှာ ဘယ်သူက boss ဆိုတာကပြချင်ခဲ့တယ်။ အဲဒီအတွက် ကျွန်တော်က အသုံးချခံဖြစ်ခဲ့ရတယ်။ မော်ရင်ဟိုက အမြဲဒီလိုလုပ်တတ်တယ်။ အခုလည်း အလီကို ကောင်းကောင်းပညာပေးနေပြီ။ ဒါကသူရဲ့ စီမံခန့်ခွဲမှု ပုံစံဖြစ်သလို ဒီလိုနည်းနဲ့အုပ်ချုပ်ပြီး အောင်မြင်မှုတွေ ဘယ်လိုရယူတယ်ဆိုတာကို ပြသနေတာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။


နည်းပြဟောင်း ပိုချက်တီနိုလက်ထက်မှာ အသင်းရဲ့အရေးပါတဲ့ကစားသမားအနေနဲ့ ပါဝင်ခဲ့တဲ့အလီဟာ နည်းပြသစ် မော်ရင်ဟိုလက်ထက်မှာတော့ သူရဲ့ ကွင်းတွင်း၊ ကွင်းပြင် အပြုအမူများကြောင့် ပွဲထွက်စာရင်းက ထုတ်ပယ်ခံရပြီး အရန်ခုံမှာသာ အချိန်ကုန်တောဖြစ်ပါတယ်။ အလီကတော့ လက်ရှိမှာ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်လာတဲ့ ပိုချက်တီနိုဆီ ပြောင်းရွေ့သွားဖွယ်ရှိကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။