ဘဏ်စာရင်းမှာ (၅)ပေါင်သာကျန်ပြီး နိုင်ငံခြားထောင်ကနေ လွတ်လာခဲ့တဲ့ နောက်မှာ ဘဝကို အကြီးအကျယ် ပြောင်းလဲပစ်လိုက်တဲ့ ဘောလုံးမှော်ဆရာ ရော်နယ်ဒင်ဟို

ကမ္ဘာကြီးမှာ ၂၀၂၀ခုနှစ်ဟာ ပြောင်းလဲမှုများစွာနဲ့ကြုံတွေ့ခဲ့ရသလို ရော်နယ်ဒင်ဟိုရဲ့ဘဝမှာလည်းမေ့ပြစ်လို့မရနီုင်တဲ့အဖြစ်တွေနဲ့ ပြောင်းလဲမှုတွေရှိခဲ့တဲ့နှစ်တစ်နှစ်ပါ။ လှပညက်ညောတဲ့ကစားဟန်နဲ့အတူ ဘောလုံးကိုအနုပညာမြောက်စွာကစားတတ်သူတစ်ယောက်ဖြစ်သလို ဝင်ငွေကောင်းလွန်းခဲ့တဲ့ ဘရာဇီးလ်ဂန္ထဝင်ကြီးရဲ့ဘဝကလည်း အနိမ့်အမြင့်အတက်အကျများခဲ့ပါတယ်။ ရော်နယ်ဒင်ဟို ဟာ ပါရာဂွေး ထောင်ကနေ လွတ်မြောက် လာပြီးချိန်မှာ သူ့ရဲ့ပေတေလေလွင့်နေတဲ့ ဘဝကို လုံးဝပြောင်းလဲခဲ့လိုက်ပါတယ်။ စိတ်ထင်ရာတွေလုပ်ခွင့်ရတဲ့ သူကျင်လည်တဲ့ ပတ်ဝန်းကျင်မှာ မြှောက်ပင့်ပေးမှုတွေကနေ ကင်းကွာပြီး လေးလကြာအောင် ထောင်ထဲမှာနေလိုက်ရတာဟာ သူ့ရဲ့ဘဝကို ပြန်လည်စတင်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ သူဟာ ထောင်ထဲက ဘောလုံးပွဲတွေမှာလည်း ခြေစွမ်းပြနိုင်ခဲ့သူဖြစ်တာကတော့ ဘယ် ဂန္တဝင်ကစားသမားမှ မရနိုင်တဲ့မှတ်တမ်းတစ်ခုဖြစ်နေမှာပါ။

အသက်(၄၀)အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒင်ဟို ရဲ့ ပြစ်မှုကတော့ မနှစ်က သူ့ရဲ့အစ်ကိုနဲ့ အတူ ပါရာဂွေး နိုင်ငံကို ပတ်စပို့စ်အတု နဲ့ ဝင်ရောက်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ အဲသည်အချိန်မှာ ရော်နယ်ဒင်ဟိုရဲ့ ဘဏ္ဍာရေးအခြေအနေဟာလည်းစိုးရိမ်စရာအခြေအနေကိုရောက်နေပြီး သူ့ရဲ့ဘဝမှာအဆိုးဆုံး အချိန်တွေလို့ဆိုရမှာပါပဲ။ ဘရာဇီး အစိုးရကိုပေးစရာရှိတဲ့အခွန်ကြွေးတွေ မပေးနိုင်တာကြောင့် ပိုင်ဆိုင်မှုတွေအသိမ်းခံခဲ့ရကာ ဘဏ်စာရင်းထဲမှာ (၅)ပေါင်သာကျန်တော့တဲ့အထိ ဆိုးရွားနေခဲ့ပါတယ်။

ဩဂုတ်လမှာတော့ ပါရာဂွေး အာဏာပိုင်တွေနဲ့ ဒဏ်ကြေးသဘောတူညီမှုရရှိခဲ့ကာ ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။ ဒဏ်ကြေးကတော့ ရော်နယ်ဒင်ဟိုနဲ့ အစ်ကိုဖြစ်သူတို့ဟာ ဒဏ်ငွေ ဒေါ်လာ(၉)သောင်း၊ ဒေါ်လာ(၁)သိန်း(၁)သောင်း အသီးသီးပေးဆောင်ခဲ့ရတာပဲဖြစ်ပါတယ်။

ထောင်ကပြန်လွတ်လာပြီးတဲ့နောက်မှာ ရော်နယ်ဒင်ဟိုဟာ သူ့ရဲ့ဘဝကို အကြီးအကျယ်ပြောင်းလဲပစ်လိုက်ပါတော့တယ်။ သူဟာအရင်တုန်းကပါတီပွဲတိုင်းသို့တက်ရောက်ကာဘဝကို လူ ပေတစ်ဦးလိုအချိန်ဖြုန်းတီးနေခဲ့ ရာကနေ စီးပွားရေးဆိုတာကိုနားလည်သွားတဲ့သူတစ်ယောက် ဖြစ်လာခဲ့ပြီး ငွေကိုကြိုးစားရှာဖွေလာခဲ့ပါတယ်။

Dario AS ရဲ့ဖော်ပြချက်အရ ရော်နယ်ဒင်ဟိုဟာထောင်မှလွတ်မြောက်လာပြီး လေးလအကြာမှာပဲ ပေါင် (၇)သိန်းကျော် အထိပြန်လည်ရှာဖွေနိုင်ခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်လည်း သူဟာအက်သလက်တီကိုမီနိုင်ရိုကွင်းအားဖွင့်လှစ်ပေးခြင်း၊ဘီလိုဟိုရီဇုန်တီရဲ့ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ်ခန့်အပ်ခံရခြင်းတို့ကနေ ဝင်ငွေတိုးပွားလာဦးမှာပါ။

ပါတီပွဲတွေနဲ့ ရင်နှီးခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံတွေကိုအသုံးချပြီး သူဟာကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်းစတင်လုပ်ကိုင်လာနေပြီး Vino De Campeones အမည်ရှိတဲ့ ဝိုင်ကို ထုတ်လုပ်ရောင်းချခဲ့သူလည်းဖြစ်ပါတယ်။ အခုအခါမှာ R-ONE လို့ အမည်ပေးထားတဲ့အမှတ်တံဆိပ်နဲ့ ဂျင်အရက်တွေကို ထုတ်လုပ်ရောင်းချလာနေပါပြီ။

ပုံရိပ်တိုးတက်မှုရှိလာတဲ့သူ့ကို အရင်ကစွန်ခွာခဲ့ကြတဲ့ စပွန်ဆာတွေက ပြန်လည်လက်တွဲလာခဲ့သလို ကြော်ငြာတွေလည်း ပြန်လည် ရိုက်ကူးခဲ့ပြီး FIFA 21 နဲ့ PES တို့လိုဂိမ်းတွေကနေလည်း ဝင်ငွေတွေ ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ FIFA 21 မှာလည်း သူ့ရဲ့ကိုယ်ပိုင်အသင်းအဖြစ် R10 Team ကို ဖန်တီးခဲ့ပါတယ်။ သူဝါသနာပါတဲ့ ဂီတလောက ကိုလည်း ဝင်ရောက်ခဲ့ကာ စတီဒီယိုတစ်ခုဖွင့်လှစ်နိုင်ခဲ့သလို ရက်ပါ Djonga ၊ Recayd Mob တို့နဲ့အတူ MTV တစ်ပုဒ်လည်းရိုက်ခဲ့ပါသေးတယ်။ ဒါတွေဟာ ရော်နယ်ဒင်ဟိုလို ဘဝပျက်လုနီးပါးလူတစ်ယောက်အတွက် အံသြစရာ မှော်ဆန်တဲ့ လေးလတာ အချိန်တွေပဲဖြစ်ပါတယ်။ သူဒီလိုပြောင်းလဲလာခဲ့တာဟာ ပါရာဂွေးထောင်ထဲက မိတ်ဆွေတွေရဲ့ သူ့အပေါ်မှာထားခဲ့တဲ့ စိတ်ထားတွေကြောင့်လို့ ပြောရမှာပါပဲ။

(၂၀၂၁)ခုနှစ်ကတော့ ရော်နယ်ဒင်ဟိုအတွက် ပိုပြီးစိတ်ဝင်စားစရာနှစ်တစ်နှစ်ဖြစ်လာဦးမှာပါ။ သူ့အကြောင်းကို ရိုက်ကူးထားတဲ့ “The Happiest Man In The World” ဆို့တဲ့ documentary ဟာလည်း ထွက်လာဦးမှာပါ။ ဘဝမှာ အဆင်းရဲဆုံးကာလကိုကြုံတွေ့ဖူးသွားပြီး ငွေအကြောင်းကိုနားလည်သွားတဲ့ သူ့အတွက်ကတော့ ဒီ(၂၀၂၁)ခုနှစ်ဟာ အောင်မြင်မှုတွေဆက်လက်ရှာဖွေသွားနိုင်မယ့်ခရီးတစ်ခုရဲ့အစနှစ်တစ်ခုလို့ဆိုချင်ပါတယ်။