ဒီရာသီမှာ အရှူံးဆိုတဲ့ အရသာ မခံစားရမှာစိုးလို့ အေစီကို ဆေးခါးကြီးတိုက်လိုက်တဲ့ ဂျူဗီ

အေစီမီလန်အသင်းနဲ့ဂျူဗင်တပ်အသင်းတို့ရဲ့စီးရီးအေပွဲစဉ်မှာ ဇလာတန်အီဗရာဟီမိုဗစ်ချ်မပါဝင်ခဲ့တဲ့ အိမ်ရှင်တို့ဟာ စီရော်နယ်ဒိုပါဝင်လာခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကို၁ဂိုး၃ဂိုးနဲ့ရှုံးနိမ့်သွားခဲ့ပြီး ဥရောပထိပ်တန်းလိဂ်၅ခုအနက် ရှုံးပွဲမရှိသေးတဲ့စံချိန်ကျိုးပျက်သွားခဲ့ရပါတယ်။ အေစီမီလန်ဟာ 2020 မတ်လ မှာ စီးရီးအေ ပွဲစဉ်တွေ ပြန်လည် စတင်ခဲ့တဲ့ အချိန် ကတည်းက ရှုံးပွဲ လုံး၀ မရှိခဲ့တဲ့ တစ်ခုတည်းသော အီတလီ ကလပ် ဖြစ်ပါတယ်။

ဒါပေမယ့် မနေ့ညကတော့ သူတို့ ရဲ့ 27 ပွဲ ဆက်တိုက် ရှုံးပွဲ မရှိတဲ့ စံချိန်မှတ်တမ်းဟာ ရပ်တန့် ခံလိုက်ရပြီ ဖြစ်တဲ့ အပြင် ၊ ဒီရာသီ ပထမဆုံး စီးရီးအေ ရှုံးပွဲကိုပါ ကြုံတွေ့ သွားခဲ့ ရပါတယ်။ဒါကြောင့် ဥရောပ ထိပ်သီးလိဂ် 5 ခု စလုံးမှာ ရှုံးပွဲ လုံး၀ မရှိသေးတဲ့ အသင်းဆိုလို့ တစ်သင်းမှ ကျန်ရစ်ခြင်း မရှိတော့ပါဘူး။

ဒီပွဲမှာ ဂျူဗင်တပ်စ်တို့ဘက်ကပိုလန်ဂိုးသမားဆက်ဇနီလက်စွမ်းပြခဲ့ပြီး သေချာပေါက်ဂိုးရနိုင်တဲ့ခြိမ်းခြောက်မှု၈ကြိမ်တိတိကိုကာကွယ်ပြခဲ့ပါတယ်။ အေစီမီလန်တို့ဟာ စီးရီးအေမှာ တတိယအရှည်ကြာဆုံးပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တဲ့အသင်းဖြစ်ခဲ့ပြီး သူတို့ရဲ့သွင်းယူမှုစုစုပေါင်းက ၃၆ဂိုးအထိရှိခဲ့တာဖြစ်ပါတယ်။ သူတို့ထက်ရှည်ကြာတဲ့ပွဲဆက် ဂိုးသွင်းယူထားနိုင်မှုမျိုးကိုပြုလုပ်ထားနိုင်ခဲ့တဲ့ အသင်းကတော့ ဒီပွဲမှာအနိုင်ရသွားတဲ့အိုးလေဒီတို့ပဲဖြစ်ပြီး ဂျူဗီတို့က ၂၀၁၄ခုနှစ်မှာ ၄၃ဂိုးနဲ့ ၂၀၁၇ခုနှစ်မှာ၄၄ဂိုးသွင်းယူထားပြီးသူတို့စံချိန်သူတို့ပြန်ကျော်ဖြတ်ကာ နှစ်ကြိမ်တိုင်တိုင်စံချိန်ချိုးထားခဲ့တာဖြစ်ပါတယ်။

အေစီမီလန် ဟာ ဒီပွဲ ရှုံးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဇယား ရဲ့ ထိပ်မှာ တစ်မှတ် အသာနဲ့ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ဒီပွဲရဲ့နောက်ထပ်ထူးခြားချက်ကတော့ ပွဲချိန်၈၁မိနစ်မှာလူစားဝင်ကစားခွင့်ရတဲ့ ဒန်နီယယ်မာဒီနီဟာ အေစီမီလန်အသင်းအတွက် ပွဲ၁၀၀၀ပြည့်ကစားပေးခဲ့တဲ့ မာဒီနီမျိုးဆက်၃ဆက်မြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီလို့သိရပါတယ်။ ပေါ်လိုမာဒီနီက ၆၄၇ပွဲ၊စီဆာရီမာဒီနီက ၃၄၇ပွဲနဲ့ အခုနောက်ဆုံးမျိုးဆက်ဖြစ်တဲ့၁၉နှစ်သား ဒန်နီယယ်မာဒီနီအတွက်တော့ ၆ပွဲမြောက်ဖြစ်ခဲ့တာကြောင့် အဘိုး၊အဖေနဲ့မြေးတို့ပေါင်းမီလန် ပွဲတစ်ထောင်ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြ ပီအိုလီ ကတော့“အသင်းအားလုံးက မရှူံးအောင်ရင်ဆိုင်နေကြရတာပါ။ ကျွန်တော်တို့ ဆိုရင်လည်း ကိုယ့်ရဲ့ အကောင်းဆုံး ပုံစံတွေ ဆက်ထိန်းထားနိုင်ဖို့ အတွက် ၊ အပြောင်းအလဲတွေ လုပ်ပြီး ကြိုးစားကြရတာပါပဲ။ ဂျူဗီတို့ ဒုတိယ ဦးဆောင်ဂိုး မရခင် အချိန်ထိ ပွဲဟာ ဘယ်လို ရလဒ် ထွက်ပေါ်လာမလဲ ဆိုတာ ပြောလို့ မရသေးဘူးလေ။ ကျွန်တော့် အမြင်မှာတော့ အဲဒီ ဂိုးကြောင့်ပဲ ပွဲဟာ အပြောင်းအလဲ ဖြစ်သွားတာ ထင်ပါတယ်။”

“ဂျူဗီက ကိုးနှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားတဲ့ အသင်းပီပီ ၊ ကျွန်တော်တို့ နဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ အနေအထားကနေ တစ်ဆင့် အခွင့်အရေး ရအောင် ယူသွားတယ်လို့ သုံးသပ်ချင်ပါတယ်။ ဒီပွဲ အတွက် ပြိုင်ဘက်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးရမှာ ဖြစ်ပြီး ၊ ကျွန်တော်တို့ကတော့ အရှုံးထဲကနေ သင်ခန်းစာ ပြန်ယူကြရမှာပါ။” လို့ ပြောဆိုသွားခဲ့ ပါတယ်။