စီရော်နယ်ဒို ၊ မက်ဆီတို့ထက် ပီလီ ပိုကောင်းလား

အခုချိန်မှာ မှတ်တမ်းကောင်းတွေ၊ စံချိန်ကောင်းတွေ ယူနေတဲ့ ထိပ်တန်းကစားသမား နှစ်ယောက်ကတော့ စီရော်နယ်ဒိုနဲ့ မက်ဆီပါ။ ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အူဒီနီးနဲ့ပွဲမှာ အသင်းအတွက်၂ဂိုးသွင်းယူပေးခဲ့ပြီးနောက် ပီလီရဲ့ သွင်းဂိုး ၇၅၇ ဂိုးစံချိန်ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီလိုကျော်ဖြတ်နိုင်ခဲ့လို့လည်း ရော်နယ်ဒိုကို ချီးကျူးပြောဆိုမှုတွေ အများအပြားရှိပါတယ်။

မက်ဆီကတော့ပီလီရဲ့ သွင်းဂိုးတွေကို မကျော်နိုင်သေးပါဘူး။ ဒါပေမယ့် မက်ဆီက ကလပ်အသင်းတစ်သင်းတည်းအတွက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ပီလီကိုကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့ပါတယ်။ မက်ဆီ က ရော်နယ်ဒိုလို ဂိုးအများကြီး မသွင်းနိုင်တာကလည်း ပွဲစဉ်ရာကျော်နီးပါး လျော့နည်း ကစားထားရလို့ပါ။

စီရော်နယ်ဒိုကို ဘရာဇီးဂန္ထဝင်ကြီး ပီလီထက် ပိုတော်တဲ့ ကစားသမားလို့ပြောသူတွေရှိသလို၊ တစ်ဖက်မှာတော့ ပီလီက ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ထက် ပိုကောင်းတယ်ဆိုပြီး ရီးရဲလ်ဂန္ထဝင်ကစားသမားကြီး ဒီစတီဖာနိုက ပြောပါတယ်။

ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၅ကြိမ်နဲ့ လာလီဂါဖလား ၈ကြိမ်အပါအဝင် အောင်မြင်မှုအများအပြားရယူနိုင်ခဲ့တဲ့ ဒီစတီဖာနိုက ”မက်ဆီနဲ့ ရော်နယ်ဒိုတို့က ထူးခြားတဲ့အရည်အသွေးတွေနဲ့အတူ ကြီးကျယ်ခမ်းနာတဲ့ကစားသမားတွေဖြစ်ပေမယ့် ပီလီက တော့သူတို့နှစ်ယောက်စလုံးထက် ပိုကောင်းပါတယ်။”

“မက်ဆီနဲ့ ဒိုလေးနှစ်ယောက်ထဲမှာ မက်ဆီက နည်းစနစ်ပိုင်းပိုကျပါတယ်။ ပင်နယ်တီဧရိယာထဲမှာဆို သူက ပိုကောင်းပါတယ်။ ဘောလုံးထိန်းရင်း နဲ့ ပြိုင်ဘက်ကို ကျော်ဖြတ်ရာမှာ ပိုကောင်းပါတယ်။ရော်နယ်ဒိုက တော့ကြံ့ခိုင်မှုပိုင်းပိုကောင်းပြီး အရမ်းကိုသန်မာတောင့်တင်းမြန်ဆန်ပါတယ်။ ပြီးတော့ ဘယ်ခြေ၊ ညာခြေလည်း ရွေးနေတဲ့ကစားသမားမျိုးမဟုတ်ဘူး”လို့ ပြောဆိုပါတယ်။

အခုအချိန်မှာတော့ ပီလီတစ်ယောက် ဒိုလေးပရိသတ်တွေရဲ့ ဒေါသထွက်တာခံနေရပါတယ်။ ဘာကြောင့်လဲဆိုရင် ပီလီကသူ့ရဲ့အင်စတာဂရမ်အကောင့်မှာ အချက်အလက်ဖော်ပြမှုမှာ သူ့ရဲ့သွင်းဂိုးအရေအတွက်ကို ပြောင်းလဲသွားခဲ့လို့ပါ။ ကမ္ဘာ့ဖလားကို သုံးကြိမ်တိုင်တိုင်ဆွတ်ခူးခဲ့တဲ့ ပီလီဟာ သူ့ရဲ့ သွင်းဂိုးအရေအတွက်နေရာမှာ ၁၂၈၃ ဂိုးလို့ ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။