ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဇာတာဖြစ်နေတဲ့ ပိုချက်တီနို

PSG အသင်းဟာ ယခုရာသီတွင် ရလဒ်အတိမ်းအစောင်းများနေခဲ့တာကြောင့် တူချယ်လ်ကို ထုတ်ပယ်ခဲ့ပြီး ပိုချက်တီနိုအား အစားထိုးခန့်အပ်ခဲ့ပါတယ်။ စပါးကထုတ်ခံခဲ့ရတဲ့ ပိုချက်တစ်ယောက် PSG အတွက် အားခဲထားပေမယ့် PSG အသင်းနည်းပြသစ်အဖြစ် ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးပွဲမှာပဲ သရေရလဒ်ထွက်ပေါ်ခဲ့လို့ ပိုချက်တီနိုတစ်ယောက် စိတ်ပျက်ခဲ့ရပြီဖြစ်ပါတယ်။

နေမာမပါဝင်နိုင်သေးတဲ့ ပိုချက်တီနိုရဲ့တိုက်စစ်မှာ အဲဗာတန်ကအငှားလာကစားပြီးခြေစွမ်ပြဂိုးရနေတဲ့ အီတလီလူငယ်တိုက်စစ်မှူး မွိုက်ကိန်းကို အမ်ဘာပေ၊ဒီမာရီယာတို့ခြံရံကာပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ဗာရက်တီ၊ဟာရဲရားနဲ့ ဆီနီဂေါသား အီဒရစ်ဆာဂေ့ရီ တို့နဲ့စတင်ခဲ့တာဖြစ်ပါတယ်။

စိန့်အက်တီယန်က ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး မွိုက်ကီးနစ်က ပြန်လည်ချေပခဲ့လို့သာ PSG တို့ သရေတစ်မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီဂိုးကြောင့် PSGအသင်းမှာ ကစားခဲ့ဖူးပြီး ပဲရစ်ကလပ်ရဲ့မန်နေဂျာပြန်ဖြစ်လာခဲ့တဲ့အထဲမှာ ၁၀ဦးမြောက်မန်နေဂျာအဖြစ်မှတ်တမ်းဝင်ထားတဲ့ ပိုချက်တီနိုအတွက် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့တဲ့ ကစားသမားအဖြစ် အီတလီသားလေးကမှတ်တမ်းဝင်သွားခဲ့ပါတယ်။

ပိုချက်တီနိုက သူဟာအသင်းနှင့် စနေနေ့မှ ပူးပေါင်းနိုင်ခဲ့၍ ပြင်ဆင်ချိန်နည်းခဲ့ကြောင်း၊ သရေရလဒ်အတွက် စိတ်ပျက်နေပြီး တိုးတက်ရန် အများကြီးလိုအပ်နေသေးကြောင်း အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ပိုချက်တီနိုက “ကျွန်တော်အခုရလဒ်အတွက် စိတ်ပျက်နေတာ သေချာပါတယ်။ ကျွန်တော်တို့က PSG ဖြစ်တာကြောင့် သေချာပေါက်နိုင်ဖို့ လိုအပ်ပါတယ်။”

“ဒါပေမယ့် ပြင်ဆင်ချိန် (၃)ရက်ပဲ အချိန်ရပြီး ပြင်ဆင်ချိန် နည်းခဲ့ပါတယ်။ တိုးတက်အောင် လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒီရလဒ်ကို ကျွန်တော်တို့ မလိုချင်ပေမယ့် စိန့်အက်တီယန်အသင်းက ထိုက်ထိုက်တန်တန် ရယူသွားတာပါ။ ကျွန်တော်တို့ အများကြီး တိုးတက်ဖို့ လိုပါသေးတယ်။ ဒါပေမယ့် ကစားသမားတွေက ကျွန်တော့်နည်းလမ်းတွေကို လိုလိုလားလား အသုံးချလိုစိတ်ရှိတာကြောင့် ကျွန်တော် ပျော်ပါတယ်”ဟု ပြောဆိုခဲ့ပါတယ်။

အခုရလဒ်ကြောင့် PSG ဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လိုင်ယွန်နဲ့ ၃ မှတ်ကွာအနေအထားကို ရောက်ရှိသွားခဲ့ပါပြီ။ PSG အသင်းဟာ (၁၈)ပွဲကစားပြီးချိန်တွင် (၃၆)မှတ် ရရှိထားပြီးပါပြီ။ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့တဲ့ တူချယ်လ်ကိုတောင် ထုတ်ပယ်ပစ်ခဲ့တာကြောင့် ပိုချက်တီနိုအနေနဲ့ အသင်းကို အဲဒီထက်မနိမ့်ကျအောင် ကိုင်တွယ်ပေးဖို့ တာဝန်ရှိနေပြီဖြစ်ပါတယ်။