ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို အဂူရို ဆွတ်ခူး

0
123


မန်စီးတီး တိုက်စစ်မှူး ဆာာဂျီယာ အဂူရိုဟာ ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ် ၁လတာ အကောင်းဆုံး ကစားသမားဆုကို စံချိန်တင် ၇ကြိမ် မြောက် ဆွတ်ခူးသွားခဲ့တယ်လို့ သိရပါတယ်။ ၇ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ အဂူရိုဟာ ယခုအချိန်မှာတော့ ဟယ်ရီကိန်းနဲ စတီဗင် ဂျရတ်တို့ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဂူရို အရင်ဆုံး ပရီးမီးယားလိဂ် ၁လတာဆုကို ဆွတ်ခူးခဲ့တာကတော့ ၂၀၁၃ အောက်တိုဘာလမှာဖြစ်ပြီး နောက်ဆုံး ဆွတ်ခူးခဲ့တာကတော့ ၂၀၁၉ ဖေဖော်ဝါရီလက ဖြစ်ပါတယ်။ အဂူရိုအနေနဲ့ ပရီးမီးယားလိဂ် သွင်းဂိုး စံချိန် ၁လအကြာမှာပဲ ယခုလို ဆုတစ်ခု ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလက အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ ၂ဂိုး သွင်းယူခဲ့ပြီးနောက် အာဂျင်တိုင်းသားဟာ ပြိုင်ပွဲသမိုင်းတစ်လျောက် သွင်းဂိုးအများဆုံး နိုင်ငံခြား ကစားသမားအဖြစ် အွန်နရီကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဂူရိုဟာ ဇန်နဝါရီလမှာ ကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၃ပွဲမှာ ၆ဂိုးအထိ သွင်းနိုင်ခဲ့တာကြောင့် ယခုလို အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ရောက်ရှိပြီး ၂၅၈ပွဲမှာ ဂိုး ၁၈၀သွင်းယူထားတဲ့ အဂူရိုဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ နံပါတ် ၄နေရာ ရရှိခဲ့ပါတယ်။ ယခုနှစ် ရာသီ ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းသူအဖြစ်တော့ ဗာဒီက ၁၇ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပြီး အဂူရိုကတော့ ၁ဂိုးလျော့နဲ့ နောက်က လိုက်နေခဲ့ပါတယ်။