၂ မိနစ်အတွင်း အကြီးကျယ်ဆုံးဂိုးတွေကို ဆက်တိုက်ထုတ်လုပ်နိုင်ခဲ့ပေမယ့် လူကျွံအလံကို မကျော်ဖြတ်နိုင်ခဲ့တဲ့ ကာရိုးလ်

ရက်ဒင်းတိုက်စစ်မှူး အန်ဒီကာရိုးလ်ဟာ

အင်္ဂါနေ့ညက သူ့ရဲ့ကစားသမားဘဝတစ်လျှောက်
အကြီးကျယ်ဆုံးဂိုးတွေကို ၂ မိနစ်အတွင်း
ဆက်တိုက်ဖန်တီးနိုင်ခဲ့ပေမယ့် လူကျွံနေတာကြောင့်
၂ဂိုးစလုံး ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။
ဖူလ်ဟမ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ

ကာရိုးလ်ရဲ့ကံမကောင်းမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး
အိမ်ရှင်ရက်ဒင်းအသင်း ၇ဂိုးပြတ် အရေးနိမ့်ခဲ့ရသလို
ကာရိုးလ်အတွက်လည်း မချင့်မရဲဖြစ်ခဲ့ရတဲ့ပွဲဖြစ်ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာ လီဗာပူးနဲ့ နယူးကာဆယ်တိုက်စစ်မှူးဟောင်း
ကာရိုးလ်ဟာ ဘယ်တောင်ပံက ဖြတ်တင်ဘောကို
မြေတောင်အကျမခံဘဲ နောက်ပြန်ကန်ချက်နဲ့
ဂိုးပေါက်ထဲ ကန်သွင်းလိုက်တာဖြစ်ပါတယ်။
ဒါပေမဲ့ သူ့အတွက် ကံဆိုးတာကတော့

ထောင့်ဖြတ်ဘော တင်ပေးလိုက်ချိန်မှာ
သူ လူကျွံနေတာကြောင့် အဲဒီဂိုးလည်း အသိအမှတ်ပြုမခံခဲ့ရပါဘူး။
သူ့ရဲ့ကံဆိုးမှုတွေက ဒီတစ်ဂိုးနဲ့တင် ပြီးမသွားဘဲ
ပွဲချိန် ၃၃ မိနစ်မှာ ဘယ်တောင်ပံက
ဖြတ်တင်ဘောကို ကာရိုးလ်က ရင်ဘတ်နဲ့

တစ်ချက်ထိန်းကာ ဧရိယာထိပ်ကနေ
ဘယ်ခြေနဲ့ အပြင်းကန်သွင်းလိုက်တာ
ဂိုးထဲ တန်းတန်းမတ်မတ် ဝင်သွားပါတယ်။

ဒီတစ်ခါလည်း ဘောလုံးလက်ခံရယူချိန်မှာ
လူကျွံနေခဲ့တာကြောင့် နောက်ထပ်လှပတဲ့ဂိုးလည်း
လူကျွံဘောအဖြစ် ပျောက်ကွယ်သွားခဲ့ရပါတယ်။
အဲဒီနောက် ရက်ဒင်းလည်း ဖူလ်ဟမ်ကို
အိမ်ကွင်းမှာပဲ ၇ဂိုးပြတ်အရေးနိမ့်သွားရပါတယ်။

ကာရိုးလ်ဟာ နိုဝင်ဘာလအတွင်း ကာလတိုစာချုပ်နဲ့
ရောက်လာပြီးနောက် ၇ပွဲမှာ ၁ဂိုးသွင်းယူထားပြီး
သူ့ရဲ့စာချုပ်က ယခုလ ၁၅ ရက်နေ့မှာ
ပြည့်တော့မှာဖြစ်ပေမယ့် အသင်းဘက်ကတော့
သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။