
အာဆင်နယ်အသင်းလူငယ်တိုက်စစ်မှူးမာတင်နယ်လီဟာ
ဘာစီလိုနာအသင်းကို အူဘာမီယန်းပြောင်းရွှေ့သွားပြီဖြစ်တဲ့အတွက်
အသင်းရဲ့နာမည်ကျော်ကျောနံပါတ်(၁၄)ကို
ဝတ်ဆင်ကစားခွင့်ရဖို့ဆန္ဒရှိနေပါတယ်။
အာဆင်နယ်အသင်းရဲ့ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်တစ်ဦးဖြစ်သူ
အူဘာမီယန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ
ဘာစီလိုနာအသင်းဆီ အလွတ်နဲ့ပြောင်းရွှေ့ခဲ့ပြီး အာဆင်နယ်အသင်းက
အူဘာမီယန်းနေရာမှာ မာတင်နယ်လီက
အကောင်းဆုံးအစားဝင်နိုင်မယ်လို့မျှော်လင့်နေတာဖြစ်ပါတယ်။
အခုလောလောဆယ် ကျောနံပါတ်(၃၅)ဝတ်ဆင်ကစားနေတဲ့
မာတင်နယ်လီဟာ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးကြီး
အွန်နရီဝတ်ဆင်ခဲ့တဲ့ နံပါတ်(၁၄)ဂျာစီဝတ်ဆင်ကစားခွင့်ရဖို့
ပစ်မှတ်ထားနေပြီး သူ့ရဲ့ခြေစွမ်းအရ
မကြာခင် အဲဒီနံပါတ်ကို ပိုင်ဆိုင်နိုင်ဖို့ရှိနေပါတယ်။
အာဆင်နယ်အသင်းမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၇၊ ၂၀၁၂ ခုနှစ်တွေမှာ
အငှားနဲ့ကစားခဲ့တဲ့ အွန်နရီဟာ အသင်းအတွက်စုစုပေါင်း(၂၂၆)ဂိုးသွင်းယူခဲ့ပြီး
အာဆင်နယ်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ်
သတ်မှတ်ခံထားရသလို ပရီးမီးယားလိဂ်(၂)ကြိမ်၊ FA ဖလား(၂)ကြိမ်၊
ကွန်မြူနတီဒိုင်း(၂)ကြိမ်ရယူနိုင်ခဲ့ပါတယ်။ အွန်နရီမရှိတော့တဲ့နောက်
အဲဒီနံပါတ်(၁၄)ကို ဝေါလ်ကော့၊ အူဘာမီယန်းတို့ဝတ်ဆင်ခဲ့ပြီး
အခု မာတင်နယ်လီက နံပါတ်(၁၄)အမွေဆက်ခံဖို့ ဆန္ဒရှိနေတာပါ။
အသက်(၂၀)သာရှိသေးတဲ့ ဘရာဇီးလ်လူငယ်ကစားသမားမာတင်နယ်လီဟာ
၂၀၁၉ ခုနှစ်တုန်းက Ituano အသင်းကနေ အာဆင်နယ်ကိုရောက်ရှိခဲ့ပြီး
ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့်လည်း
အခုအချိန်မှာတော့ အသင်းအတွက်အကောင်းဆုံးခြေစွမ်းပြနေတဲ့အပြင်
စုစုပေါင်း(၆၉)ပွဲကစား၊ (၁၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
zawgyi
အွန်နရီဝတ်ဆင်ခဲ့တဲ့ နံပါတ်(၁၄)ဂျာစီဝတ်ဆင်ကစားခွင့်ရဖို့နီးစပ်နေပြီဖြစ်တဲ့ မာတင်နယ်လီ