အိုးထရက်ဖို့ဒ်မှာ လုပ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ဗီလာဂိုးသမား မာတီနက်ဇ် ဝဋ်ပြန်လည်တာပဲလို့ ပရိသတ်တွေ ယုံကြည်

အက်စတွန်ဗီလာအသင်းဂိုးသမား မာတီနက်ဇ်ဟာ

ယမန်နေ့ညက ယူနိုက်တက်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမှာ
ပွဲစလို့မှသိပ်မကြာသေးခင် အမှားကြီးကြီးမားမား
ကျူးလွန်မိကာ ဦးဆောင်ဂိုးပေးလိုက်ရတာက
၂၀၂၁ ခုနှစ်အတွင်း အိုးထရက်ဖို့ဒ်မှာ
ပြုလုပ်ခဲ့တဲ့ လုပ်ဆောင်မှုအတွက်

ချက်ချင်း ဝဋ်ပြန်လည်တာပဲလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။


စက်တင်ဘာလအတွင်း ကစားခဲ့တဲ့
ပ-အကျော့ပွဲစဉ်မှာ အာဂျင်တီးနားလက်ရွေးစင်

မာတီနက်ဇ်ဟာ နာကျင်အချိန်ပိုအရောက်
ပင်နယ်တီပေးလိုက်ရတဲ့အချိန်မှာ
ရော်နယ်ဒိုကို ပင်နယ်တီမကန်ရဲဘူးလားဆိုပြီး
သွားရောက်စိတ်ဆွခဲ့ပါတယ်။
ရော်နယ်ဒိုက သူမကန်ဘဲ အသင်းဖော်

ဖာနန်ဒက်စ်ကို ပေးကန်ခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ကန်သွင်းချက်က
ဂိုးဘားပေါ် ကျော်သွားခဲ့ပါတယ်။


အဲဒီမှာ မာတီနက်ဇ်လည်း

ယူနိုက်တက်ပရိသတ်တွေဘက် လှည့်ကာ
အောင်ပွဲခံတဲ့အနေနဲ့ ကခုန်သွားပါတယ်။
အဲဒီပွဲအပြီး ၄ လကြာ ဗီလာပါ့ခ်မှာ
ဒု-အကျော့အဖြစ် တွေ့ဆုံတော့
ပွဲအစ ၆ မိနစ်မှာပဲ အဝေးကန်ချက်ကို

အေးဆေးဖမ်းဖို့ ကြိုးစားရင်း
မာတီနက်ဇ်တစ်ယောက် သူ့ရဲ့ပေါင်ကြားထဲကနေ
ဂိုးထဲ ဘောလုံးဝင်သွားတာကို ခွင့်ပြုလိုက်ရပါတယ်။
ဘယ်သူကန်တာလဲဆိုတော့ ပရိသတ်ကြီးလည်း
ခန့်မှန်းမိမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ ဖာနန်ဒက်စ်ပါ။

ပြောရရင် မာတီနက်ဇ်ရဲ့ကြီးမားတဲ့အမှားက
ယူနိုက်တက်ဂိုးသမားဟောင်း တိုင်ဘီကိုတောင်
သတိရမိစေခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကလည်း
လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ကြပါတယ်။


”ဘောလုံးလောကမှာလည်း ဝဋ်ဆိုတာ
တကယ်ရှိတယ်နော်။ ၂၀၂၁ စက်တင်ဘာမှာ
မာတီနက်ဇ်က ပင်နယ်တီမဝင်တဲ့ ဖာနန်ဒက်စ်ကို
လှောင်ပြောင်တယ်။ ၂၀၂၂ ဇန်နဝါရီလမှာ

မာတီနက်ဇ်က ဖာနန်ဒက်စ်ရဲ့ကန်ချက်ကို
စမ်းတစ်ဝါးဝါး ဖမ်းရင်း ဂိုးပေးလိုက်ရပါတယ်”
”ဝဋ်လည်တာတို့၊ ကံကြမ္မာ တစ်ပတ်လည်တာတို့က
သိပ်မကောင်းပေမယ့် ဒါလေးကတော့ သိပ်ကိုလှပလွန်းပါတယ်”
”ဖာနန်ဒက်စ်ဟာ အိုးထရက်ဖို့ဒ်မှာ

ပင်နယ်တီမဝင်ခဲ့တုန်းက မာတီနက်ဇ်ရဲ့
လှောင်ပြောင်မှုကို မေ့သေးမှာမဟုတ်ပါဘူး”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။
ဗီလာဟာ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးတွေကြောင့်
ဝ-၂ ဂိုးနဲ့ အရေးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ

ချေပဂိုးတွေ သွင်းယူကာ ၂-၂ ဂိုးသရေကစားနိုင်ခဲ့ပါတယ်။