အိမ်ကွင်းအရှုံးနဲ့ရင်ဆိုင်ခဲ့ရပေမယ့် အသင်းသားတွေရဲ့စွမ်းဆောင်ရည်အပေါ် နာဂယ်စ်မန်း ကျေနပ်

ဘိုင်ယန်အသင်းနည်းပြ နာဂယ်စ်မန်းက
ဆောင်းရာသီအားလပ်ရက်အပြီး ပထမဆုံးပြန်ကစားတဲ့ပွဲမှာ
ဂလာဘတ်ကို အရေးနိမ့်ခဲ့ရပေမယ့် အသင်းသားတွေရဲ့
စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မိတယ်လို့ အခိုင်အမာပြောပါတယ်။
သောကြာနေ့အစောပိုင်းက Best FIFA Men’s Player 2021 အဖြစ် ရွေးချယ်ခံခဲ့ရတဲ့
တိုက်စစ်မှူး လီဝန်ဒေါစကီးက စောစောစီးစီး ဦးဆောင်ဂိုးသွင်းသွားပေမယ့်
ဂလာဘတ်က ပထမပိုင်းမပြီးခင်မှာပဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းသွားလို့
ဘိုင်ယန်လည်း အိမ်ကွင်းမှာပဲ ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။


ဘိုင်ယန်ဟာ ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေကြောင့် နူအာ
လူးကပ်စ်ဟာနန်ဒက်ဇ်၊ အူပါမီကာနို၊ ဂေါ်ရက်ဇ်ကာ၊
အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ကိုမန်နဲ့ ဆာနေးတို့လို
အဓိကကစားသမားတချို့ကို ဆုံးရှုံးထားရပေမယ့်
နာဂယ်စ်မန်းကတော့ မိမိတို့အသင်းအနေနဲ့
ဒီပွဲကနေ တစ်ခုခုပြန်ရဖို့ ထိုက်တန်တဲ့
ခြေစွမ်းမျိုး ပြသနိုင်ခဲ့တယ်လို့ ပြောပါတယ်။
”တကယ်လို့ ကျွန်တော်တို့ဟာ
အနိုင်ရဖို့ အခွင့်အရေးကို ဂလာဘတ်ထက်
ပိုရခဲ့ပါတယ်။ အဖွင့် ၂၅ မိနစ်အတွင်း
ကစားပုံပိုကောင်းခဲ့ပြီး ဒီထက်တောင်
ဂိုးပိုရခဲ့သင့်ပါတယ်။ ချေပဂိုးပေးလိုက်ရတဲ့အနေအထားက
သိပ်မကောင်းပါဘူး”လို့ နာဂယ်စ်မန်းက ပြောပါတယ်။


ဘိုင်ယန်ဟာ ယခုရာသီအစောပိုင်းက အဝေးကွင်းမှာ
ဂလာဘတ်နဲ့ သရေကျခဲ့သလို ပိုကယ်ဖလားပွဲမှာလည်း
ဂလာဘတ်ကို ၅-၀ ဂိုးနဲ့ အရှက်တကွဲအရေးနိမ့်ခဲ့ရပါတယ်။
ဘိုင်ယန်ဟာ ဒုတိယနေရာက ဒေါ့မွန်ကို
၉မှတ်အထိ ဖြတ်ထားဆဲဖြစ်ပေမယ့် ဒီညပွဲမှာသာ
ဖရန့်ဖတ်ကို ဒေါ့မွန်အသင်း အနိုင်ရခဲ့ရင်
၆ မှတ်ပဲ ဖြတ်နိုင်တော့မှာဖြစ်ပါတယ်။