အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာအသင်း ခေါ်ယူ

ဘာစီလိုနာအသင်းဟာ ဆောင်းဈေးကွက်နောက်ဆုံးရက်မှာ
အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်းကို
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
အသက် ၃၂နှစ်အရွယ်ရှိ အူဘာမီယန်းဟာ
စည်းကမ်းပိုင်းမလိုက်နာမှုကြောင့် ဒီဇင်ဘာလကတည်းက
ပွဲကစားခွင့်ဆုံးရှုံးနေရပေမယ့် အာဆင်နယ်အတွက်
၁၆၃ပွဲမှာ ၉၂ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး
ဒေသစံတော်ချိန် တနင်္လာနေ့ ညနေပိုင်းမှာ
ဘာစီလိုနာနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ ၂၀၁၈ ခုနှစ်က
ဒေါ့မွန်ကနေ ပေါင် ၅၆သန်းနဲ့ ခေါ်ယူခဲ့တဲ့
အူဘာမီယန်းကို ရောင်းချနိုင်ခဲ့လို့
သူ့ရဲ့လုပ်ခလစာ ပေါင် ၁၅သန်းအထိ
သက်သာသွားပေမယ့် တိုက်စစ်ပိုင်းမှာ
အားကိုးစရာဆိုလို့ လာကာဇက်နဲ့
အန်ကီးတီးတီးယားတို့ပဲ ကျန်ရှိပါတော့တယ်။


အဆိုပါအပြောင်းအရွှေ့ဟာ ဘဏ္ဍာရေးဆိုင်ရာ
အချက်တွေကြောင့် စောစောစီးစီးအဆင်မပြေဖြစ်မလို
ဖြစ်ခဲ့ပေမယ့် တနင်္လာနေ့မနက်ကတည်းက
ဘာစီလိုနာကို ရောက်လာခဲ့တဲ့ အူဘာမီယန်းက
လုပ်ခလစာ သိသိသာသာလျှော့ယူခဲ့လို့
အပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး သူဟာ
အာဆင်နယ်မှာ တစ်ပတ်လုပ်ခ
ပေါင် ၃၅၀၀၀၀ အထိ ရရှိခဲ့တာဖြစ်ပါတယ်။