အာဆင်နယ်ကြယ်ပွင့် ဆာကာကို ခေါ်ယူဖို့ လီဗာပူးနဲ့မန်စီးတီး အပြိုင်စိတ်ဝင်စားနေ

သတင်းတွေရဲ့ဖော်ပြချက်အရ မန်စီးတီးနဲ့
လီဗာပူးတို့ဟာ အာဆင်နယ်ကြယ်ပွင့်
ဆာကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အသက် ၂၀ အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်
ဆာကာဟာ ယခုရာသီမှာလည်း ဆက်လက်
ခြေစွမ်းပြနေပြီး အာဆင်နယ်အတွက် လိဂ် ၂၁ပွဲမှာ
၆ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ကြိမ်ပြုလုပ်ပေးထားပါတယ်။


အာဆင်နယ်ဟာ လက်ရှိအချိန်မှာ
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ယူနိုက်တက်၊ စပါး၊
ဝက်စ်ဟမ်းတို့နဲ့ အားပြိုင်နေရပြီး
တကယ်လို့ အာဆင်နယ်ဟာ ၆ရာသီဆက်
ချန်ပီယံလိဂ်ဝင်ခွင့်မရရင် လီဗာပူးနဲ့
မန်စီးတီးတို့လည်း နွေရာသီမှာ ဆာကာကို
ခေါ်ယူဖို့ ကြိုးစားလာနိုင်တယ်လို့
ESPN သတင်းဌာနက ရေးသားဖော်ပြပါတယ်။
ဆာကာဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲအဖြစ်
အီတလီကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အဆုံးအဖြတ်
ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် ယခုရာသီမှာ
ဆက်လက်ခြေစွမ်းပြနေပြီး လီဗာပူးနဲ့
မန်စီးတီးတို့က သူ့ရဲ့ခြေစွမ်းတိုးတက်လာမှုကို
အနီးကပ်စောင့်ကြည့်နေပါတယ်။


ဆာကာရဲ့လက်ရှိစာချုပ်သက်တမ်းကလည်း
၂၀၂၃ နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်လို့
အာဆင်နယ်အနေနဲ့ အမြန်ဆုံးစာချုပ်သစ်ချုပ်ဆိုနိုင်ဖို့
ကြိုးစားရမှာဖြစ်ပြီး တကယ်လို့ နောက်ဆုံးနှစ်ထဲ
ဝင်လာရင် ရောင်းချရဖို့ ဖိအားဝင်လာနိုင်ပါတယ်။
လီဗာပူးဟာ ပေါ်တိုတောင်ပံကစားသမား ဒီယက်ဇ်ကို
ပေါင်သန်း ၅၀ နဲ့ ခေါ်ယူထားပြီးဖြစ်ပေမယ့် အသင်းရှိ
ကြယ်ပွင့်တောင်ပံကစားသမားတွေဖြစ်တဲ့
ဆာလာနဲ့ မာနေးတို့က ၂၀၂၃ နွေရာသီမှာ
စာချုပ်သက်တမ်း အသီးသီးကုန်ဆုံးတော့မှာဖြစ်ပါတယ်။
မန်စီးတီးကလည်း စတာလင်းရဲ့နေရာမှာ
အစားထိုးဖို့ ကြိုတင်ပြင်ဆင်နေပြီး အင်္ဂလန်လက်ရွေးစင်
စတာလင်းရဲ့စာချုပ်သက်တမ်းကလည်း
၂၀၂၃ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။