
ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် စီးပွားရေးပိတ်ဆို့အရေးယူ
ခံလိုက်ရပြီးနောက် ချဲလ်ဆီးပရိသတ်တွေလည်း
အသင်းရဲ့အနာဂတ်အပေါ် စိုးရိမ်နေပြီး အခုဆိုရင်
အသင်းက အကန့်အသတ်တွေနဲ့ပဲ ပြုမူလှုပ်ရှားရတော့မှာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံထဲ ရုရှားက အကြမ်းဖက်
ကျူးကျော်ဝင်ရောက်ပြီးနောက် ဗြိတိန်အစိုးရရဲ့
စီးပွားရေးပိတ်ဆို့အရေးယူမှု စာရင်းမှာ
အသင်းပိုင်ရှင် မိုဗစ်ချ်လည်း ပါဝင်လာပြီး
ချဲလ်ဆီးလည်း ပွဲကြည့်လက်မှတ်တွေ
ရောင်းချခွင့် ပိတ်ပင်ခံခဲ့ရသလို အသင်းပိုင် Shop ကိုပါ
ပိတ်လိုက်ရတဲ့အထိ အခြေအနေဆိုးရွားလာပါတယ်။
ဒါ့အပြင် မိုဗစ်ချ်အနေနဲ့ ချဲလ်ဆီးအသင်းကို
ရောင်းချခွင့် ပိတ်ပင်ခံခဲ့ရပြီး အသင်းကနေ
သူရရှိမယ့် ဘယ်လိုအကျိုးအမြတ်မျိုးမဆို
မရှိစေဖို့ အနီးကပ်စောင့်ကြည့်ခံနေရပါတယ်။
ချဲလ်ဆီးဟာ စပယ်ရှယ်လိုင်စင်ကြောင့်
ယခုရာသီမှာ ပွဲတွေ ဆက်လက်ကစားခွင့်
ရထားပေမယ့် တစ်ရာသီစာလက်မှတ်
ကိုင်ဆောင်ထားတဲ့ပရိသတ်တွေပဲ ကွင်းထဲ
ဝင်ကြည့်ခွင့်ရမှာဖြစ်ကာ အသင်းဝန်ထမ်းတွေနဲ့
ကစားသမားတွေကတော့ လစာရရှိနေဦးမှာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အသင်းတည်ထောင်မှု ၁၁၇ နှစ်ပြည့်တဲ့နေ့မှာပဲ
အဆိုပါသတင်းဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး
ပရိသတ်တစ်ဦးက ”အသင်းအတွက်တော့
တကယ့်ကိုဆိုးရွားတဲ့ မွေးနေ့ပါပဲ”လို့ တွစ်တာမှာ ရေးသားပါတယ်။
နောက်ထပ်ပရိသတ်တစ်ဦးကလည်း
အဲဒီပိတ်ဆို့အရေးယူမှုတွေက အသင်းအပေါ်
အချိန်ကြာမြင့်စွာ ရိုက်ခတ်လာနိုင်တာကို
စိုးရိမ်မိတယ်လို့ ဝန်ခံပါတယ်။