အသက် ၂၂နှစ်ပြည့်မွေးနေ့မှာပဲ ဂျူ၊ဗင်တပ်စ်ကို ပေါင် ၆၂သန်းနဲ့ ရောက်လာတဲ့ ဗလာဟိုဗစ်

ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ဟာ
နောက်ဆုံးမှာတော့ တူရင်မှာ ဆေးစစ်ဆေးမှု
အောင်မြင်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်ကို
ပေါင် ၆၂သန်းနဲ့ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဆားဘီးယားလက်ရွေးစင် ဗလာဟိုဗစ်ဟာ အာဆင်နယ်အသင်းရဲ့
ကမ်းလှမ်းမှုကို ငြင်းဆန်ကာ အီတလီမှာပဲ ဆက်ကစားဖို့
ဆုံးဖြတ်ခဲ့ပြီး ဆေးစစ်ဆေးဖို့အတွက် တူရင်ရောက်လာတဲ့
သူ့ကို ဂျူဗင်တပ်စ်ပရိသတ်တွေက
သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။


ယခုရာသီမှာ ဖီအိုရင်တီးနားအတွက် ၂၄ပွဲကစား
ဂိုး ၂၀အထိ သွင်းယူနိုင်ခဲ့တဲ့ ဗလာဟိုဗစ်ဟာ
အသက် ၂၂နှစ်ပြည့်မွေးနေ့မှာပဲ ဂျူဗင်တပ်စ်နဲ့
ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
အီတလီမှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ
ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်မှာ လုပ်ခလစာအဖြစ်
တစ်နှစ် ပေါင် ၅.၈သန်းရရှိလိမ့်မယ်လို့ သိရပါတယ်။


အာဆင်နယ်နည်းပြ အာတီတာဟာ တိုက်စစ်ပိုင်းအတွက်
ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အားကုန်ကြိုးစားခဲ့ပေမယ့်
ယခုတော့ တခြားပစ်မှတ်တွေဖြစ်တဲ့ အီဆက်၊
အိုဆင်ဟန်၊ လူကာဂျိုဗစ်နဲ့ ကယ်လ်ဗက်လီဝင်တို့ထဲက
တစ်ဦးဦးကိုခေါ်ယူဖို့သာ ကြိုးစားရတော့မှာဖြစ်ပါတယ်။