အလှဆုံးဂိုးရော အဆိုးရွားဆုံးပင်နယ်တီပါ မိနစ်လေးပဲခြားပြီး လက်တွေ့ပြသလိုက်တဲ့ ဇာဟာ

ပဲလေ့စ်တိုက်စစ်မှူး ဇာဟာအတွက်တော့ နောဝစ်ချ်နဲ့ပွဲက
ငိုရခက် ရယ်ရခက်ပွဲလို့တောင် ဆိုနိုင်ပြီး
အလှပဆုံးဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အနိုင်ဂိုးဖြစ်စေနိုင်မယ့်
ပင်နယ်တီကန်သွင်းရာမှာတော့ ဆိုးဆိုးရွားရွား
လွဲချော်သွားလို့ လူမှုမီဒီယာမှာ ပရိသတ်တွေရဲ့
ဟားတိုက်လှောင်ပြောင်ခြင်းခံနေရပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင်
ဇာဟာအနေနဲ့ ပွဲပယ်ပြစ်ဒဏ်ရယ်၊ အာဖရိဖလား
ပြိုင်ပွဲတွေရယ်ကြောင့် ဘောက်ဆင်ဒေးပွဲနောက်ပိုင်း
ပထမဆုံးပွဲအဖြစ် ပဲလေ့စ်တိုက်စစ်ကို
ဦးဆောင်လာတာဖြစ်ပြီး မိနစ် ၆၀ မှာ
ဧရိယာဘယ်ဘက်အခြမ်းကနေ ဂိုးသမားရဲ့
ဘယ်ဘက်အဝေးတိုင်ထောင့်ထဲ လှလှပပ
ကန်သွင်းကာ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။


ဒါပေမဲ့ သူဟာ နောက် ၂မိနစ်အကြာမှာ
ရရှိလာတဲ့ ပင်နယ်တီကို ကန်သွင်းရာမှာတော့
ပြိုင်ဘက်ဂိုးသမား အန်ဂက်စ်ဂန်း
မစိုးရိမ်ရလောက်အောင် ညာဘက်ကနေ
ဘေးထွက်သွားပါတယ်။
ထွက်တာမှ ပွတ်ကာသီကာ ထွက်သွားတာ
မဟုတ်ဘဲ ဂိုးပေါက်နဲ့ ၅ကိုက်
အကွာကနေ ထွက်သွားတာဖြစ်ပါတယ်။
အဲဒီပင်နယ်တီနဲ့ပတ်သက်လို့
လူမှုမီဒီယာမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။


”အိုင်ဗရီကို့စ်အသင်းဖော် ဘိုင်လီဆီကနေ
ပင်နယ်တီ ဘယ်လိုသွင်းရမလဲဆိုတာ
တအားလေ့လာခဲ့တယ်ထင်တယ်”
”ဇာဟာက ဒီရာသီအကောင်းဆုံး
သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့ပြီးနောက်
ကျွန်တော်မြင်ဖူးသမျှ ပင်နယ်တီကန်သွင်းမှုတွေထဲ
အဆိုးရွားဆုံးကန်သွင်းမှုပါ ပြုလုပ်လိုက်ပါတယ်”လို့
ပရိသတ်တွေက အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။
ပဲလေ့စ်ဟာ စနေနေ့မှာ လန်ဒန်မြို့ခံပြိုင်ဘက်
ဘရန့်ဖို့ဒ်နဲ့အဝေးကွင်းပွဲ ဆက်ကစားရမှာဖြစ်ပြီး
ဒီဇင်ဘာနောက်ပိုင်း ပထမဆုံး
ပရီးမီးယားလိဂ်နိုင်ပွဲရဖို့ မျှော်လင့်နေပါတယ်။