အမြဲတမ်းနည်းပြရာထူးအတွက် ပိုချက်တီနိုဘက် ယိမ်းလိုက်တဲ့ ယူနိုက်တက်အသင်းသားများ

ယူနိုက်တက်အသင်းသားတွေဟာ ယခုရာသီအကုန်မှာ
အသင်းရဲ့အမြဲတမ်းနည်းပြအဖြစ် ပီအက်စ်ဂျီနည်းပြ
ပိုချက်တီနိုကို ခန့်အပ်စေလိုကြောင်း သိရပါတယ်။
မေလအကုန်မှာ လက်ရှိယာယီနည်းပြ ရန်းနစ်က
အသင်းရဲ့အကြံပေးအဖြစ် ပြောင်းလဲတာဝန်ယူချိန်မှာ
ယူနိုက်တက်အသင်းရဲ့အမြဲတမ်းနည်းပြဖြစ်လာဖို့
ပိုချက်တီနိုနဲ့အတူ အေဂျက်စ်အသင်းနည်းပြ
အဲရစ်တန်ဟတ်လည်း အပြိုင်ရေပန်းစားနေပေမယ့်
ယူနိုက်တက်အသင်းသားအများစုကတော့
ပိုချက်တီနိုကိုသာ နည်းပြသစ်အဖြစ် ခန့်အပ်စေချင်နေပါတယ်။


ပိုချက်တီနိုဟာ ၂၀၁၉ ခုနှစ်က စပါးအသင်းကို
ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး
အဲဒီနှစ်က ဆီမီးဖိုင်နယ်မှာ တန်ဟတ်ရဲ့
အေဂျက်စ်အသင်းကို အံ့အားသင့်ဖွယ်ကျော်ဖြတ်နိုင်ခဲ့တာပါ။
ယူနိုက်တက်ဟာ နိုဝင်ဘာလက နည်းပြဆိုးလ်ရှားကို
ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် ပိုချက်တီနိုကို
ဆက်သွယ်ချဉ်းကပ်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဘက်က
ယခုလိုရာသီဝက်အနေအထားမှာ ပိုချက်တီနိုကို
အသင်းကနေ ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူး-၁ မှာ
လိုင်လီအသင်းဆီကနေ ချန်ပီယံဆုဖလား
ပြန်လည်ရယူဖို့ အကောင်းဆုံးအခြေအနေ
ရောက်နေတာတောင် ပိုချက်တီနိုရဲ့
အနာဂတ်က မသေမချာဖြစ်နေပြီး ချန်ပီယံလိဂ်မှာ
ယမန်နှစ်က စီးတီးကို အရေးနိမ့်ကာ
ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရသလို
ယခုရာသီမှာလည်း နာမည်ကြီးရီးရဲလ်နဲ့
၁၆သင်းအဆင့်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ပိုချက်တီနိုကို ယူနိုက်တက်အသင်းသားအများစုက
ခန့်အပ်လိုနေပေမယ့် ရန်းနစ်ကတော့
အသက် ၅၂ နှစ်အရွယ်ရှိ တန်ဟတ်ကို
ပိုမိုသဘောကျနေရာ ယခုရာသီအကုန်မှာ
ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။