အနီကတ်တွေ ပလူပျံအောင်ပြရင်း အာဖရိကဖလားပြိုင်ပွဲကို ဒိုင်လူကြီးတွေ ဆေးဆိုးနေဟုဝေဖန်ခံနေရ

ဒိုင်လူကြီးတွေက အနီကတ်တွေ ပလူပျံအောင်ပြရင်း
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဆေးဆိုးနေတာကြောင့်
အာဖရိကတိုက်ရဲ့အကြီးမားဆုံးပြိုင်ပွဲကြီးက
တကယ့်ကိုလူရယ်စရာဖြစ်နေတယ်လို့ ပရိသတ်တွေက
လူမှုမီဒီယာမှာ အသီးသီးဝေဖန်နေကြပါတယ်။
ယမန်နေ့ညက ကစားခဲ့တဲ့ ဆီနီဂေါနဲ့ကိတ်ဗာဒီတို့ရဲ့
၁၆သင်းအဆင့်ပွဲစဉ်မှာ ကိတ်ဗာဒီအသင်း
နှစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီးနောက်
ပရိသတ်တွေက ပြိုင်ပွဲတာဝန်ရှိသူတွေကို
ဒေါသတကြီး ဝေဖန်ခဲ့တာဖြစ်ပြီး
ကိတ်ဗာဒီကွင်းလယ်လူ အန်ဒရာဒီက
စောစောစီးစီးထုတ်ပယ်ခံခဲ့ရသလို ဂိုးသမားဗိုဇင်ညာကလည်း
ဆီနီဂေါတိုက်စစ်မှူး မာနေးကို ခေါင်းချင်းယှဉ်တိုက်ခဲ့လို့
တိုက်ရိုက်အနီကတ်ပြသကာ ထုတ်ပယ်ခံရပါတယ်။


မော်ရိုကိုက မာလာဝီအသင်းကို ၂-၁ ဂိုးနဲ့
အနိုင်ရခဲ့တဲ့ နောက်ကျပွဲမတိုင်ခင်
၁၆သင်းအဆင့်မှာ ကစားခဲ့ပြီးသမျှ ၅ပွဲစလုံး
အနည်းဆုံးတော့ အနီကတ်တစ်ကြိမ်
ပြသခံခဲ့ရပြီး အဲဒီ ၅ပွဲမှာ စုစုပေါင်း အနီကတ်
၇ကြိမ်အထိ ပြသခဲ့ပြီးဖြစ်ပါတယ်။
ဒါ့အပြင် ကင်မရွန်းနိုင်ငံက အိမ်ရှင်အဖြစ်
လက်ခံကျင်းပနေတဲ့ ယခုနှစ်ပြိုင်ပွဲမှာ
စုစုပေါင်း အနီကတ် ၁၃ ကြိမ်အထိ
ပြသခဲ့ပြီးဖြစ်ရာ ယခင်ကျင်းပခဲ့တဲ့
ပြိုင်ပွဲ ၄ကြိမ်ပေါင်း ပြသခဲ့တဲ့
အနီကတ်စုစုပေါင်းအရေအတွက်နဲ့တောင်
တူနေပြီး အခုမှ ၁၆သင်းအဆင့်တောင်မပြီးသေးလို့
အနီကတ်ဇာတ်လမ်းက ဒီထက်ပိုများလာဖို့ပဲရှိပါတယ်။


”အာဖရိကဖလားပွဲက တကယ့်ကို
ဟာသပဲဗျာ။ ဒိုင်လူကြီးတွေက
ပြိုင်ပွဲကို ဖျက်ဆီးနေတာပဲ”
”ဒိုင်လူကြီးတွေကြောင့် ဒီနှစ်ပြိုင်ပွဲကို
ဆက်မကြည့်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပွဲကြီးကြပ်မှုက အနိမ့်ဆုံးအဆင့်ပါပဲ”
”VAR မော်နီတာသွားကြည့်တိုင်း
အနီကတ်ပြသရမှာမဟုတ်ဘူးဆိုတာ
ဒိုင်လူကြီးတိုင်း သိထားသင့်ပါတယ်”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။