အင်တာနဲ့ အပတ်တိုင်း မကစားရလို့ စိတ်သက်သာရာရမိကြောင်း ကလော့ပ် ဖွင့်ဟ

လီဗာပူးအသင်းနည်းပြ ကလော့ပ်ဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ

အင်တာမီလန်ကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရပြီးနောက်
စိတ်သက်သာရာရသွားပေမယ့် ပြိုင်ဘက်ဖြစ်သူကိုတော့
သတင်းစာရှင်းလင်းပွဲမှာ ချီးကျူးသွားပါတယ်။
အင်တာဟာ ပွဲချိန် ၆၁ မိနစ်မှာ တိုက်စစ်မှူး
မာတီနက်ဇ် သွင်းယူတဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက်

လီဗာပူးလည်း နှစ်ကျော့ပေါင်း ၂-၁ ဂိုးနဲ့ပဲ
ဦးဆောင်နိုင်တော့လို့ ကွာတားဖိုင်နယ်
တက်ရောက်နိုင်ဖို့ စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။

မာတီနက်ဇ် ဂိုးသွင်းအပြီး ၂မိနစ်အကြာမှာပဲ
အင်တာတိုက်စစ်မှူး ဆန်းချက်ဇ် ၂ဝါ၊ ၁နီနဲ့
ထုတ်ပယ်ခံခဲ့ရပြီး လီဗာပူးလည်း နှစ်ကျော့ပေါင်းရလဒ်
၂-၁ ဂိုးနဲ့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။
”အင်တာနဲ့ အပတ်တိုင်း မကစားရလို့

ကျွန်တော် စိတ်သက်သာရာရမိတာ အမှန်ပဲ။
သူတို့က အရမ်းကို ခန့်မှန်းရခက်တဲ့အသင်းဖြစ်ပြီး
ဖိုက်တာစစ်စစ်တွေပေါ့ဗျာ။ အင်တာက
တကယ့်ကိုအသင်းကောင်းတစ်သင်းဖြစ်ပြီး
အခုလိုပွဲမျိုးတွေကို ဖန်တီးနိုင်စွမ်းရှိပါတယ်။

ပြိုင်ဘက်က ကျွန်တော်တို့အသင်းကို
သက်သောင့်သက်သာနဲ့ ကစားလို့မရအောင်
ပြုလုပ်သွားပြီး ပွဲကလည်း
တကယ့်ကိုစိတ်ဝင်စားစရာကောင်းပါတယ်”လို့ ကလော့ပ်က ပြောပါတယ်။
လီဗာပူးအနေနဲ့ ၂၀၂၁၊ မတ်လ ၇ ရက်နေ့က

ဖူလ်ဟမ်ကို အရေးနိမ့်ခဲ့ပြီးနောက် အိမ်ကွင်းမှာ
ပထမဆုံးအရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့်
ဘယ်လိုပဲဖြစ်ဖြစ် ဒီရာသီမှာ
တစ်ရာသီအတွင်း ဆုဖလား ၄လုံးရယူနိုင်ဖို့
မျှော်လင့်ချက်တော့ ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။

လီဗာပူးဟာ ကာရာဘောင်ဖလားရယူထားပြီးဖြစ်ကာ
နော်တင်ဟမ်ကို ကျော်ဖြတ်နိုင်ရင် အက်ဖ်အေဖလား
ဆီမီးဖိုင်နယ်တက်ရောက်နိုင်မှာဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း
ထိပ်ဆုံးက မန်စီးတီးနဲ့ ၁ပွဲလျော့၊ ၆ မှတ်အကွာ
ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။