ဟော့ဒ်ဆန်ကို နည်းပြသစ်အဖြစ် ဝက်ဖို့ဒ်အသင်း တရားဝင်ခန့်အပ်

ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့
ရုန်းကန်နေရတဲ့ ဝက်ဖို့ဒ်အသင်းဟာ
ကြိုတင်မျှော်လင့်ထားတဲ့အတိုင်း နည်းပြသစ်အဖြစ်
ရွိုင်းဟော့ဒ်ဆန်ကို ယခုရာသီကုန်အထိရှိမယ့်
၆ လစာချုပ်နဲ့ ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ အသက် ၇၄ နှစ်အရွယ်ရှိ
ဟော့ဒ်ဆန်အနေနဲ့ တကယ်လို့ ရာသီအကုန်မှာ
အသင်းကို တန်းမဆင်းရအောင် ဦးဆောင်နိုင်ရင်
မက်မောဖွယ်ဘောနပ်စ်အဖြစ်
ပေါင်သန်းချီရလိမ့်မယ်လို့ သိရပါတယ်။


ဟော့ဒ်ဆန်ဟာ အင်္ဂါနေ့မနက်ပိုင်းက ဝက်ဖို့ဒ်ရဲ့
ကိုလ်နေး ထရိန်နင်စင်တာကို ရောက်လာပြီးနောက်
ည ၇ နာရီမှာ အသင်းဘက်က
တရားဝင်ကြညာခဲ့တာဖြစ်ပါတယ်။
အသင်းဘက်ကရော ဟော့ဒ်ဆန်ဘက်ကပါ
ရာသီသစ်အတွက် စာချုပ်သက်တမ်း
တိုးဖြစ်၊ မဖြစ်ကို အတည်မပြုသေးပေမယ့်
နွေရာသီမှာ ဆုံးဖြတ်ချက်ချမှတ်ဖွယ်ရှိနေပါတယ်။


ဝက်ဖို့ဒ်ဟာ သောကြာညက နောဝစ်ချ်ကို
အိမ်ကွင်းမှာ ဝ-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက်
နည်းပြရာနီရေရီကို ရာထူးကနေ ထုတ်ပယ်လိုက်တာ
ဖြစ်ပြီး အသင်းကလည်း အမှတ်ပေးဇယားရဲ့
အဆင့် ၁၉ နေရာအထိ ကျဆင်းသွားရပါတယ်။