သူ့ကို လူပေးမကစားတဲ့ ဗာရက်တီအပေါ် မက်ဆီ ဒေါသထွက်

ဒီဖြစ်ရပ်က သိပ်ပြီးတော့ မထင်ပေါ်ခဲ့ပါဘူး။

ဒါပေမဲ့ သိမ်းငှက်မျက်လုံးလို မျက်စိရှင်တဲ့
ပရိသတ်တွေကတော့ ရီးရဲလ်ကို အရေးနိမ့်ခဲ့တဲ့
ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းဖို့ နေရာကောင်း
ရောက်နေတဲ့ သူ့ကို ဘောလုံးပေးမကစားခဲ့တဲ့
အသင်းဖော်ဗာရက်တီကို တိုက်စစ်မှူး မက်ဆီ

ဒေါသထွက် ပေါက်ကွဲပုံရခဲ့တာကို
လူမှုမီဒီယာမှာ ထောက်ပြနေပါတယ်။


ပ-အကျော့အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့

ပီအက်စ်ဂျီဟာ ဘာနေဗျူးမှာလည်း ဘာပေရဲ့
ဂိုးနဲ့ ထပ်မံဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ
ဒုတိယမြောက်ဂိုး သွင်းယူနိုင်ဖို့ အခွင့်အရေးရခဲ့ပါတယ်။
ပထမပိုင်းနာကျင်အချိန်ပိုမှာ ပင်နယ်တီဧရိယာထဲ
နေမာ ထိုးဖောက်လာရာကနေ ပြန်ထွက်လာတာကို

သူ့နောက်ကနေ အသင့်လိုက်လာတဲ့ ဗာရက်တီ ရသွားပြီး
ဧရိယာထဲ စိတ်ကြိုက်ပေးဖို့ အချိန်ရော၊ နေရာကောင်းရော ရခဲ့ပါတယ်။
အဲဒီမှာ ဗာရက်တီက ဧရိယာထဲ ပြေးဝင်လာတဲ့
မက်ဆီရဲ့ပြေးလမ်းထဲ ဘောလုံးမထိုးပေးဘဲ
ညာဘက်အစွန်ဆုံးမှာရှိနေတဲ့ အသင်းဖော်ဆီ မတင်ပေးလိုက်ပါတယ်။

အဲဒီအနေအထားကနေ ဘာပေ မမီမကမ်းနဲ့
ခေါင်းခုန်တိုက်တာကို ရီးရဲလ်ဂိုးသမား
ကော်တိုရစ်က အသာလေး ဖမ်းသွားပါတယ်။

မက်ဆီလည်း အေးဆေးသွင်းလို့ရတဲ့
အနေအထားမှာ ဗာရက်တီက သူ့ပြေးလမ်းထဲ
ချမပေးတဲ့အတွက် အတော်လေးပေါက်ကွဲသွားပြီး
သူ့ကို ပေးလိုက်ပါလားဆိုတဲ့အမူအယာ လုပ်ပြခဲ့ပါတယ်။
”မက်ဆီက ဒီလိုအနေအထားတွေကနေ

သွင်းလာတာ တစ်ရာသီ ဂိုး ၂၀လောက် ရှိမယ်။
အခု ဗာရက်တီက သူ့ကိုမပေးတော့ ပေါက်ကွဲတာပေါ့”လို့
ပရိသတ်တစ်ဦးက လူမှုမီဒီယာမှာ ပြောပါတယ်။
ပထမပိုင်းအပြီး ကွင်းထဲကနေ ထွက်လာချိန်မှာ
မက်ဆီနဲ့ ဗာရက်တီတို့ နှစ်ဦး အတူတူ

ထွက်လာပြီး အဲဒီမှာ စကားတွေ
အပြန်အလှန်ပြောကာ မက်ဆီက
ဗာရက်တီကို ပခုံးပေါ် လက်တင်ခဲ့ပါတယ်။