ဝုဗ်နဲ့ပွဲမှ ယူနိုက်တက်ရဲ့ဆိုးရွားတဲ့ အပေးအယူပြုလုပ်ထားမှုတွေကို စုစည်းထားတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်

တနင်္လာညက ဝုဗ်အသင်းကို ယူနိုက်တက်အသင်း အရေးနိမ့်ခဲ့တာက ဒီနေ့ရောက်တဲ့အထိ
နောက်ဆက်တွဲဂယက်တွေ မငြိမ်သက်နိုင်သေးဘဲ
အခုလည်း တွစ်တာမှာ အဲဒီပွဲက ယူနိုက်တက်အသင်းရဲ့
ဆိုးရွာလှတဲ့အပေးအယူပြုလုပ်မှုတွေကို စုစည်းထားတဲ့
ဗီဒီယိုဖိုင်က လူပြောများ ပေါက်နေပါတယ်။
ယူနိုက်တက်ဟာ ဝ-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့အဲဒီပွဲမှာ
ကစားကွက်ပိုင်းအရလည်း ဧည့်သည်အသင်းကို
ယှဉ်မကစားနိုင်ခဲ့သလို ပွဲပြီးခါနီးမှာ သွင်းယူသွားတဲ့
မော်တင်ညိုရဲ့ဂိုးကြောင့် အမှတ်ပြည့်ပါ ဆုံးရှုံးခဲ့ရပါတယ်။


ရှုံးပွဲကြောင့် ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်လည်း
ဖိအားတိုးသွားရပြီး တချို့က ဂျာမန်သားအနေနဲ့
အသင်းကို ရှေ့ဆက်လှမ်းနိုင်ဖို့ သင့်တော်တဲ့နည်းပြ
ဖြစ်နိုင်ရဲ့လားလို့ သံသယဝင်လာပါတယ်။
ဝုဗ်ဟာ ဘောလုံးပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး
ဂိုးပေါက်ကန်သွင်းမှု ၁၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ရာ
အိမ်ရှင်အသင်းက ၉ကြိမ်ပဲ ဂိုးပေါက်ကန်သွင်းနိုင်ခဲ့ပါတယ်။
အဲဒီမှာ ယူနိုက်တက်ပရိသတ်တစ်ဦးက
”ရန်းနစ်ရဲ့နည်းစနစ်က ယူနိုက်တက်မှာ
အကြီးမားဆုံးပြဿနာပဲ”ဆိုတဲ့ စာသားနဲ့အတူ
ဝုဗ်နဲ့ပွဲမှာ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရတဲ့ အသင်းရဲ့
အပေးအယူတွေကို စုစည်းထားတဲ့ ဗီဒီယိုဖိုင်တစ်ခု
ယမန်နေ့က တွစ်တာမှာ တင်ခဲ့ပါတယ်။


ယူနိုက်တက်ဟာ အဲဒီပွဲမှာ ခြေစွမ်း
အတော်လေးဆိုးရွားခဲ့ပြီး Normal Pass တွေတောင်
အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရပါတယ်။
အထူးသဖြင့် အသင်းသားတွေကြား
နားလည်မှုမရှိတာတွေ၊ နေရာကောင်းကောင်း
မယူပေးတာတွေက သိသာထင်ရှားတဲ့
အချက်ဖြစ်ခဲ့ပြီး ဒီပုံစံအတိုင်းဆိုရင်
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အတော်လေးရုန်းကန်ရနိုင်ပါတယ်။
”အိုလီလက်အောက်မှာဖြစ်ခဲ့တာနဲ့ တစ်ပုံစံတည်းပဲ။
ဒါပေမဲ့ လူတွေက အဲဒီတုန်းက အိုလီနဲ့ သူ့နည်းပြအဖွဲ့ကိုပဲ
တောက်လျှောက်ဝေဖန်ခဲ့တာလေ။ အခုကြည့်လိုက်ဦး…
ပေးလိုက်ရတဲ့ဂိုးအားလုံးက တစ်ဦးချင်းအမှားတွေကြောင့်ချည်းပဲ”
”သူတို့(ယူနိုက်တက်အသင်းသားများ)က ဘောလုံးအားကစားနည်းရဲ့
အခြေခံလေးတောင် မတက်ကြတော့ဘူး။
ဘယ်နည်းပြကမှ သင်ပေးနိုင်မှာလည်းမဟုတ်ဘူး”လို့
ပရိသတ်တွေက တွစ်တာမှာ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။