လူငယ်ကစားသမား မာတီနယ်လီကို ထရိန်နင်မှာ ကျောနံပါတ် ၉ နေရာ လေ့ကျင့်ပေးနေတဲ့ အာဆင်နယ်

သတင်းတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ
လူငယ်တောင်ပံတိုက်စစ်မှူး မာတီနယ်လီကို ထရိန်နင်မှာ
ကျောနံပါတ် ၉ နေရာ ထားပြီး လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။
ဘရာဇီးနိုင်ငံသား မာတီနယ်လီဟာ အာဆင်နယ်ကို
ရောက်လာပြီးချိန်ကတည်းက သူ့အတွက်
အကောင်းဆုံးရာသီအဖြစ် ယခုရာသီ
ပရီးမီးယားလိဂ်မှာ ဦးစားပေးကစားသမားအဖြစ်
၁၁ပွဲကစားခဲ့တဲ့အနက် ၄ဂိုးအထိ သွင်းယူထားပါတယ်။
သူဟာ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး
အွန်နရီအတိုင်းပဲ တောင်ပံကနေ
အတွင်းထဲဝင် ထိုးဖောက်ရတာ
ပျော်မွေ့သူဖြစ်ပြီး ဝုဗ်နဲ့ပွဲမှာတော့
၅ စက္ကန့်အတွင်း အဝါကတ် ၂ကြိမ်
ဆက်တိုက်ပြသခံခဲ့ရလို့ ထုတ်ပယ်ခံခဲ့ရပါတယ်။


မာတီနယ်လီဟာ အွန်နရီ ဝတ်ဆင်ခဲ့တဲ့
ကျောနံပါတ် ၁၄ ဂျာစီကိုတောင် ဝတ်ချင်နေသူဖြစ်ပြီး
အဲဒီကျောနံပါတ်က အခုလောလောဆယ်
အသင်းမှာ လွတ်နေပါတယ်။
ဒါပေမဲ့ နည်းပြအာတီတာကတော့
မာတီနယ်လီကို အသင်းရဲ့အခြေအနေအရ
ကျောနံပါတ် ၉ နေရာမှာ ထားကစားဖွယ်ရှိနေပါတယ်။
Football London သတင်းဌာနရဲ့ဖော်ပြချက်အရ
မာတီနယ်လီဟာ ထရိန်နင်မှာ
အထောင်တိုက်စစ်မှူးအဖြစ် ပြောင်းလဲ
ကစားနေရကြောင်း သိရပါတယ်။


အာဆင်နယ်မှာ လက်ရှိအချိန်
အထောင်တိုက်စစ်မှူးအဖြစ် လာကာဇက်ကို
ပုံမှန်အသုံးပြုနေပေမယ့် အဆိုပါပြင်သစ်နိုင်ငံသားက
လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်သလို
နောက်ထပ်တိုက်စစ်မှူး အန်ကီတီးယားကလည်း
စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ရာ
အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၉
နဲ့ပတ်သက်လို့ ရေရှည်အနာဂတ် ကင်းမဲ့နေပါတယ်။
ဒီအတွက်ကြောင့်ပဲ အာတီတာက
၂၀၂၅ နွေရာသီအထိ အသင်းနဲ့
စာချုပ်ချုပ်ဆိုထားတဲ့ မာတီနယ်လီကို
အထောင်တိုက်စစ်မှူးအဖြစ် ပြောင်းလဲကစားစေဖို့
ဆန္ဒရှိနေတာ ဖြစ်နိုင်ပါတယ်။
အသက် ၂၀ အရွယ်ရှိ မာတီနယ်လီဟာ
၂၀၁၉ ခုနှစ်က အီအူအာနိုအသင်းကနေ
ရောက်လာပြီးချိန်ကတည်းက အာဆင်နယ်မှာ
တောက်ပလာနိုင်သူအဖြစ် သတ်မှတ်ခံထားရပြီး
ယခုရာသီ ပြိုင်ပွဲစုံ ၂၁ပွဲမှာ ၇ဂိုးသွင်းယူထားပါတယ်။