လီဗာပူးအသင်းဖော် ဆာလာကို နှစ်သိမ့်အားပေးခဲ့တဲ့ မာနေး

အာဖရိကနိုင်ငံဖလားပြိုင်ပွဲမှာ ဆီနီဂေါအသင်း
ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့ပြီးနောက် တိုက်စစ်မှူး
မာနေးဟာ လီဗာပူးအသင်းဖော်ဖြစ်တဲ့ အီဂျစ်အသင်းတိုက်စစ်မှူး
ဆာလာကို သူငယ်ချင်းကောင်းပီသစွာနဲ့ အားပေးနှစ်သိမ့်ခဲ့ပါတယ်။
မာနေးဟာ အီဂျစ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့သာမန်ပွဲကစားချိန်အတွင်း
ပထမပိုင်းမှာ ပင်နယ်တီ ဝင်အောင် မကန်သွင်းနိုင်ခဲ့ပေမယ့်
ပင်နယ်တီ ကန်သွင်းရာမှာတော့ အဆုံးအဖြတ်
ပင်နယ်တီကန်သွင်းကာ ဆီနီဂေါအသင်းကို
ပထမဆုံးအကြိမ် အာဖရိကဖလားချန်ပီယံဖြစ်စေခဲ့ပါတယ်။


ဆီနီဂေါအသင်းဂိုးသမား မန်ဒီက
အရေးပါတဲ့ ပင်နယ်တီကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက်
မာနေးလည်း ဒီတစ်ခါတော့ သွေးအေးအေးနဲ့
ပင်နယ်တီကို ကန်သွင်းရင်း ဖလားရယူပေးနိုင်ခဲ့ပါတယ်။
အဲဒီနောက် မာနေးဟာ အသင်းဖော်တွေနဲ့အတူ
သည်းသည်းလှုပ်လှုပ် အောင်ပွဲခံသွားပေမယ့်
အီဂျစ်အသင်း အရေးနိမ့်ခဲ့လို့ မျက်ရည်တွေ
ကျတဲ့အထိ ဝမ်းနည်းနေတဲ့ ကလပ်အသင်းဖော်
ဆာလာကို ပခုံးဖက်ကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။
ဆာလာနဲ့ မာနေးတို့ဟာ လီဗာပူးအသင်းနဲ့
ပြန်လည်ပူးပေါင်းတော့မှာဖြစ်ပေမယ့် သူတို့ဟာ
နောက်လထဲမှာလည်း အခုလို
ပြိုင်ဘက်တွေအဖြစ် ပြန်လည်အားပြိုင်ရဦးမှာဖြစ်ပါတယ်။
အီဂျစ်နဲ့ ဆီနီဂေါတို့ဟာ မတ်လအတွင်း
ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နှစ်ကျော့
ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပါတယ်။