လီဗာပူးပရိသတ်တွေကို ဘီယာပုလင်းတွေ လိုက်ပေးရင်း အောင်ပွဲခံခဲ့တဲ့ ကလော့ပ်

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ ကွင်းအပြင်ဘက်မှာ
သူ့ကို စောင့်နေတဲ့ လီဗာပူးပရိသတ်တွေဆီ ဘီယာပုလင်းတွေ
လိုက်ပေးရင်း ပဲလေ့စ်နိုင်ပွဲအတွက် အောင်ပွဲခံခဲ့ပါတယ်။
လီဗာပူးဟာ ပဲလေ့စ်ကို ၁-၃ ဂိုးနဲ့အနိုင်ယူကာ
စနေနေ့က မန်စီးတီးအသင်း ခြေချော်သွားတာကို
အခွင့်ကောင်းယူနိုင်ခဲ့ပြီး မန်စီးတီးနဲ့ ၁ပွဲလျော့၊
၉ မှတ်အကွာ အနေအထား ရောက်လာပါတယ်။


ဒီတော့ ပျော်ရွှင်နေတဲ့ ကလော့ပ်လည်း
မာဆေးဆိုက်ဒ်ကို မပြန်ခင် အသင်းရဲ့
ဘက်စ်ကားနားမှာ စောင့်ဆိုင်းနေတဲ့
ပရိသတ်တွေဆီ သွားပြီး ဘီယာပုလင်းတွေ လိုက်ဝေငှခဲ့ပါတယ်။
ကလော့ပ်ဟာ အဲဒီပွဲမှာ လက်စွမ်းပြသွားတဲ့
ဂိုးသမား အယ်လစ်ဆန်ကိုလည်း ပွဲအပြီးမှာ ချီးကျူးခဲ့ပါတယ်။
လီဗာပူးဟာ ပထမပိုင်းမှာ ဗန်ဒိုက်ရဲ့ခေါင်းတိုက်ချက်၊
ချိန်ဘာလိန်ရဲ့ဘယ်ခြေကန်သွင်းချက်တွေကြောင့်
ဝ-၂ ဂိုးနဲ့ အေးဆေးဦးဆောင်နိုင်ခဲ့ပေမယ့်
ဒုတိယပိုင်းမှာတော့ အီဒွက်ရဲ့ချေပဂိုးကြောင့်
ပဲလေ့စ်အသင်း ကစားအားတက်လာပြီး
လီဗာပူးလည်း ဖိအားပေးခံခဲ့ရပါတယ်။


ဒါပေမဲ့ လီဗာပူးဟာ ဖာဘင်ညိုရဲ့
အငြင်းပွားဖွယ်ပင်နယ်တီသွင်းဂိုးကြောင့်
ဖိအားလျော့သွားပြီး ပွဲအပြီးမှာ ၁-၃ ဂိုးနဲ့အနိုင်ရခဲ့တာပါ။