လိဒ်စ်နဲ့ပွဲကို ဂျိုတာနဲ့ ဖာမီနို လွဲချော်မယ်လို့ လီဗာပူးနည်းပြ ကလော့ပ် အတည်ပြု

လိဒ်စ်နဲ့ပွဲကို ဂျိုတာနဲ့ ဖာမီနို လွဲချော်မယ်လို့ လီဗာပူးနည်းပြ ကလော့ပ် အတည်ပြု

လီဗာပူးအသင်းတိုက်စစ်မှူးတွေဖြစ်တဲ့ ဂျိုတာနဲ့ ဖာမီနိုတို့ဟာ
ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် လိဒ်စ်နဲ့ပရီးမီးယားလိဂ်ပွဲကို
လွဲချော်မှာဖြစ်ပေမယ့် နည်းပြ ကလော့ပ်ကတော့
တနင်္ဂနွေနေ့မှာ ကစားရမယ့် ချဲလ်ဆီးနဲ့
ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ သူတို့နှစ်ဦး

မပါနိုင်မှုကို အတည်ပြုဖို့ ငြင်းဆန်သွားပါတယ်။
သူတို့နှစ်ယောက်ဟာ အသေးစားဒဏ်ရာပြဿနာတွေကြောင့်
စနေညက နောဝစ်ချ်ကို ၃-၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
မပါဝင်နိုင်ခဲ့ဘဲ ၂၀၂၀ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက်ပိုင်း
ပထမဆုံးဆုဖလား ရနိုင်မယ့်မျှော်လင့်ချက်ဖြစ်တဲ့

ချဲလ်ဆီးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့လည်း မသေမချာဖြစ်နေပါတယ်။


ကလော့ပ်က ဖာမီနိုရော ဂျိုတာပါ ယနေ့ နေ့လယ်ပိုင်းက
ပြုလုပ်တဲ့ အသင်းရဲ့ထရိန်နင်အစီအစဉ်တွေမှာ

မပါဝင်နိုင်ခဲ့လို့ မနက်ဖြန်ည အိမ်ကွင်းပွဲကို
လွဲချော်ရလိမ့်မယ်လို့ အတည်ပြုပါတယ်။
ဒါပေမဲ့ ဝင်ဘလေကွင်းမှာ ကစားရမယ့်
ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ သူတို့နှစ်ယောက်
မပါဝင်နိုင်ဘူးလို့ ကလော့ပ်က အတည်မပြုခဲ့ပါဘူး။

”မနက်ဖြန်ပွဲမှာ ဂျိုတာနဲ့ ဖာမီနိုတို့
ပါနိုင်မှာမဟုတ်ပါဘူး။ အဲဒီနောက်
ဘာတွေဖြစ်လာမလဲဆိုတာတော့
ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။


အခုချိန်မှာ သူတို့ ပါနိုင်မှာမဟုတ်ဘူးလို့
ပြောဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့
စောင့်ကြည့်ရမှာပါ။ သူတို့ဟာ ဒီနေ့မှာ
ထရိန်နင်မဆင်းနိုင်ခဲ့ပါဘူး။ ဒါက

ကောင်းတဲ့အနေအထားတော့မဟုတ်ပါဘူး”လို့
ကလော့ပ်က ပြောပါတယ်။
ဂျိုတာဟာ ပြီးခဲ့တဲ့အပတ်က ဆန်စီရိုမှာ
အင်တာမီလန်ကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့
ချန်ပီယံလိဂ်ပွဲမှာ ခြေကျင်းဒဏ်ရာကြောင့်

ပထမပိုင်းအပြီး လူစားလဲခံခဲ့ရပြီး
ဖာမီနိုကလည်း အဲဒီပွဲမှာ လူစားဝင်အဖြစ်
ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်
တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပါတယ်။
လီဗာပူးဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယား

ထိပ်ဆုံးက မန်စီးတီးနဲ့ ၆ မှတ်ကွာဟနေပေမယ့်
မနက်ဖြန်ပွဲမှာသာ အနိုင်ရခဲ့ရင် ပွဲတူအနေအထားနဲ့
၃ မှတ်ပဲ ကွာဟတော့မှာဖြစ်ပြီး
ချန်ပီယံမျှော်လင့်ချက် ပြန်လည်ရှင်သန်လာပါတယ်။


ဇန်နဝါရီလက ပေါ်တိုကနေ ပေါင်သန်း ၅၀နဲ့
ရောက်လာခဲ့တဲ့ တောင်ပံကစားသမား ဒီယက်ဇ်က
နောဝစ်ချ်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဆာလာ၊
မာနေးတို့နဲ့အတူ တိုက်စစ်ကို ဦးဆောင်ကစားခဲ့ပြီး

၃ဦးစလုံး တစ်ယောက်တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ပါတယ်။