လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက် ကွင်းလယ်လူတွေကို ခေါ်ယူခဲ့တဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ ဆောင်းဈေးကွက်ရဲ့
နောက်ဆုံးရက်မှာ နည်းပြသစ်အဖြစ် အင်္ဂလန်ကွင်းလယ်လူဟောင်း
ဖရန့်လမ်းပတ်ကို ခန့်အပ်ခဲ့ပြီးနောက် ကွင်းလယ်ပိုင်းကို
အင်အားဖြည့်တင်းမှုအဖြစ် ယူနိုက်တက်မှ
ဗန်ဒီဘိခ်နဲ့ စပါးမှ အယ်လီတု့ိကိုခေါ်ယူခဲ့ပါတယ်။
အဲဗာတန်ဟာ အသက် ၂၄နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင်
ဗန်ဒီဘိခ်ကို ယခုရာသီကုန်အထိရှိမယ့်
အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့
ပဲလေ့စ်ကလည်း စိတ်ဝင်စားခဲ့ပေမယ့်
ကစားသမားဖြစ်သူက လမ်းပတ်ရှိရာ
အဲဗာတန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


သူဟာ ၂၀၂၀ နွေရာသီက အေဂျက်စ်ကနေ
ယူနိုက်တက်ကို ပေါင် ၃၅သန်းနဲ့ ရောက်လာခဲ့ပေမယ့်
တစ်နှစ်ခွဲကာလအတွင်း ပရီးမီးယားလိဂ်မှာ
၄ပွဲပဲ ဦးစားပေးကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး
နယ်သာလန်နည်းပြ ဗန်ဟားလ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ပါဝင်ကစားလိုရင် ဗန်ဒီဘိခ်အနေနဲ့ လုံလောက်တဲ့
ပွဲကစားခွင့်ရရှိဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။
အဲဗာတန်ကွင်းလယ်မှာ တွမ်ဒေးဗီးစ်၊ ဒူကိုရေးနဲ့
ဖေဘီယန်ဒဲလ်တို့ဟာ ယခုရာသီမှာ ဒဏ်ရာ
မကြာခဏရရှိနေရာ လမ်းပတ်က ဗန်ဒီဘိခ်နဲ့
အယ်လီတို့ကို ခေါ်ယူအားဖြည့်ခဲ့တာဖြစ်ပါတယ်။
အဲဗာတန်ဟာ အယ်လီကို ပေါင်သန်း ၄၀အထိ
မြင့်တက်နိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ အမြဲတမ်းစာချုပ်
ချုပ်ဆိုကာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ကစားသမားဖြစ်သူကို
၂နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အဲဗာတန်ဟာ အယ်လီ ပွဲ ၂၀ ပြည့်တာနဲ့
ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၀ သန်းပေးချေရမှာဖြစ်ပြီး
အပိုဆုကြေးအားလုံးပေါင်းမယ်ဆိုရင် ပေါင်သန်း ၄၀အထိ
ရှိလာမှာဖြစ်ပါတယ်။


အဲဗာတန်အသင်းအတွက် ပွဲဦးထွက်အဖြစ်
နောက်တစ်ပတ် အင်္ဂါနေ့မှာ နယူးကာဆယ်နဲ့
အဝေးကွင်းပွဲ ကစားခွင့်ရဖွယ်ရှိနေတဲ့ အယ်လီက
”အဲဗာတန်အတွက် ပွဲထွက်ကစားခွင့်ရဖို့
မစောင့်နိုင်အောင် ဖြစ်နေပါတယ်။ အသင်းကို
ကူညီဖို့ရယ် နည်းပြလမ်းပတ်နဲ့ လက်တွဲ
လုပ်ဆောင်ဖို့အတွက် စိတ်လှုပ်ရှားနေပါတယ်”လို့ ပြောပါတယ်။
အယ်လီဟာ ၂၀၁၅ ဖေဖော်ဝါရီလက အမ်ကေဒွန်းစ်ကနေ
ပေါင် ၅သန်းနဲ့ ရောက်လာပြီးနောက် စပါးအတွက်
၂၆၉ပွဲမှာ ၆၇ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်
နောက်ပိုင်းရာသီတွေမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။