လက်စတာကွင်းလယ်လူ တိုင်လေမန်းစ်ကို ပေါင်သန်း ၄၀နဲ့ ခေါ်ယူဖို့ ယူနိုက်တက် ပြင်ဆင်

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ
လာမယ့်နွေရာသီမှာ လက်စတာကွင်းလယ်လူ
တိုင်လေမန်းစ်ကို ပေါင်သန်း ၄၀နဲ့ ခေါ်ယူဖို့
စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ အင်္ဂလန်လက်ရွေးစင်တွေဖြစ်တဲ့
ဒက်ကလန်ရိုက်စ်နဲ့ ကယ်လ်ဗင်ဖီးလစ်တို့ကို
ခေါ်ယူဖို့ အပြင်းအထန်ဆက်သွယ်ချဉ်းကပ်နေပေမယ့်
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူတို့ကိုခေါ်ယူဖို့
ယူနိုက်တက်ရဲ့ကြိုးစားမှု အဆင်မပြေဖြစ်ခဲ့ရပါတယ်။

ဝက်စ်ဟမ်းကြယ်ပွင့် ဒက်ကလန်ရိုက်စ်က
မိမိအနေနဲ့ ချဲလ်ဆီးအမာခံပရိသတ်တစ်ဦးဖြစ်သလို
လန်ဒန်မြို့မှာပဲ ဆက်နေချင်တယ်လို့ ဂယ်ရီနဗီးလ်နဲ့
အင်တာဗျူးမှာ ပွင့်လင်းစွာဖြေဆိုခဲ့ပါတယ်။
ဖီးလစ်ကလည်း လိဒ်စ်ယူနိုက်တက်နဲ့
စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီး အသင်းဘက်ကလည်း
ဆောင်းဈေးကွက်အတွင်း ဖီးလစ်အတွက်
ဝက်စ်ဟမ်းအသင်းရဲ့ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပါတယ်။
ဒါ့အပြင် ဖီးလစ်ဟာ လိဒ်စ်နဲ့ယူနိုက်တက်တို့ကြား
ပြင်းထန်တဲ့အားပြိုင်မှုတွေကြောင့် အိုးထရက်ဖို့ဒ်ကို
မပြောင်းရွှေ့လိုဘူးလို့ သိရပါတယ်။


ဒါပေမဲ့ ယူနိုက်တက်ကတော့ နွေရာသီမှာ
ဗဟိုကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်ပြီး
The Star သတင်းဌာနရဲ့ဖော်ပြချက်အရ
ယူနိုက်တက်အနေနဲ့ ဒက်ကလန်ရိုက်စ်နဲ့
ဖီးလစ်တို့ကို မခေါ်ယူနိုင်ရင် တိုင်လေမန်းစ်ကို
အစားထိုးခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
တိုင်လေမန်းစ်ဟာ မိုနာကိုကနေ လက်စတာကို
ရောက်လာချိန်ကတည်းက အဓိကကစားသမားအဖြစ်
ခြေစွမ်းပြနေပြီး အသင်းအတွက် ၁၃၄ပွဲမှာ
၂၃ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၂ကြိမ် ပြုလုပ်ပေးထားပါတယ်။
သူ့ရဲ့လက်ရှိစာချုပ်သက်တမ်းကလည်း ကုန်ဆုံးဖို့
၁၈လပဲ ကျန်တော့ပြီး အခုချိန်အထိ
စာချုပ်သစ်ချုပ်ဆိုရေး အဆင်မပြေဖြစ်နေလို့
လက်စတာအသင်းအနေနဲ့ ၂၀၂၃ နွေရာသီမှာ
တိုင်လေမန်းစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့
မဆုံးရှုံးရစေရေးအတွက် လာမယ့်နွေရာသီမှာ
ထုတ်ရောင်းချဖွယ်ရှိနေပါတယ်။