ရော်နယ်ဒိုပြီးတော့ စပို့တင်းအသင်းဖော်ဟောင်းတွေအတွက် လှုပ်ရှားနေတဲ့ အေးဂျင့်ဖာနန်ဒက်စ်

ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို

တိုက်စစ်မှူး ရော်နယ်ဒို ပြန်ရောက်လာခဲ့ရာမှာ
အဓိကနေရာကနေ ပါဝင်ခဲ့လို့ အေးဂျင့်ကြီးလို့တောင်
နောက်ပြောင်ခံခဲ့ရတဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ
အခုလည်း လာမယ့်နွေရာသီမှာ ယူနိုက်တက်အသင်း
လိုအပ်နေတဲ့နေရာတွေ အားဖြည့်နိုင်ရေးအတွက်

အေးဂျင့်အဖြစ် ကြားထဲကနေ စည်းရုံးဆင်းနေတယ်လို့
သတင်းတွေက ရေးသားဖော်ပြနေပါတယ်။


ဖာနန်ဒက်စ်ဟာ မန်ချက်စတာဒါဘီပွဲမှာ

မန်စီးတီးကို ၄-၁ ဂိုးနဲ့ အရှက်ရဖွယ်အရေးနိမ့်ခဲ့ရပြီးနောက်
ချန်ပီယံလိဂ်ပွဲအတွက် မန်ချက်စတာ ရောက်နေခဲ့တဲ့
အသင်းဟောင်း စပို့တင်းလစ္စဘွန်အသင်းကို သွားရောက်
တွေ့ဆုံခဲ့ပြီး စပို့တင်းအသင်း တည်းခိုနေထိုင်တဲ့
ဟိုတယ်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ဇန်နဝါရီလက ဖာနန်ဒက်စ်ကို
ယူနိုက်တက်အသင်းထံ ရောင်းချခဲ့တဲ့
စပို့တင်းဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်
၁၆သင်းအဆင့် ဒု-အကျော့ပွဲစဉ်အတွက် မန်ချက်စတာကို
ရောက်ခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်က

အသင်းဖော်ဟောင်းတွေနဲ့ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလိုသွားရောက်တွေ့ဆုံတာက
မတွေ့တာကြာလို့ သွားတွေ့တာမျိုးထက် ပိုမိုလေးနက်တယ်လို့
ပေါ်တူဂီမီဒီယာတွေက ခန့်မှန်းရေးသားနေပြီး
သူ့အနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူခဲ့တုန်းကလို အခုလည်း

ယူနိုက်တက်အတွက် အေးဂျင့်ကြီးအဖြစ် ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။


ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ကွင်းလယ်ပိုင်းကို
အဓိကထားပြင်ဆင်ရဖွယ်ရှိနေပြီး အဓိကကွင်းလယ်လူ

ပေါ့ဂ်ဘာက စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်သလို
ဝါရင့်ကွင်းလယ်လူ မာတာလည်း အသင်းကနေ
ထွက်ခွာတော့မှာကာ မာတစ်ကလည်း
ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။
ယူနိုက်တက်ဟာ တောင်ပံမှာပါ ကစားနိုင်စွမ်းရှိတဲ့

စပို့တင်းလစ္စဘွန်းကွင်းလယ်လူ နူနိုဆန်းတို့စ်အပြင်
တိုက်စစ်မှူး ပေါ်လင်ညိုကိုပါ ခေါ်ယူနိုင်ဖို့
စိတ်ဝင်စားနေတာဖြစ်ပြီး ဖာနန်ဒက်စ်က
အဲဒီလိုအသင်းဟောင်းနဲ့ သွားရောက်တွေ့ဆုံရာမှာ
ဆန်းတို့စ်နဲ့ သီးသန့်စကားပြောခဲ့သလို

ပွဲပယ်ကြောင့် အင်္ဂလန်မလိုက်လာတဲ့ ပေါ်လင်ညိုနဲ့လည်း
ဖုန်းနဲ့ အကြာကြီးစကားပြောဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ
တိုက်စစ်ပိုင်းကိုလည်း အင်အားဖြည့်တင်းရဖွယ်ရှိနေပြီး
ဝါရင့်တိုက်စစ်မှူး ကာဗာနီက နွေရာသီဆို

အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။