
ဘရာဇီးဆယ်ကျော်သက်တိုက်စစ်ကစားသမားလေး အင်းဒရစ်ဟာ
ပါးလ်မီးရက်စ်အသင်းအတွက် ရူးလောက်တဲ့ နောက်ပြန်ကန်ချက်နဲ့အတူ
ဂိုးသွင်းယူနိုင်ခဲ့ရာ ဘာစီလိုနာနဲ့ လီဗာပူးတို့အပါအဝင်
ဥရောပအသင်းကြီးတွေကို သည်းသည်းလှုပ်ဖြစ်စေခဲ့ပါတယ်။
အင်းဒရစ်ဟာ အခုမှ အသက် ၁၅ နှစ်ပဲ ရှိသေးပေမယ့်
ပါးလ်မီးရက်စ်အသင်းအတွက် သွင်းယူပေးတဲ့
သူ့ရဲ့ဂိုးသွင်းမှတ်တမ်းကောင်းတွေကြောင့်
ဥရောပအသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေပါတယ်။
သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းအပြင်
ရီးရဲလ်၊ မန်စီးတီး၊ လီဗာပူးနဲ့ ယူနိုက်တက်တို့ကလည်း
အပြိုင်စိတ်ဝင်စားနေပြီး တရားဝင်ကမ်းလှမ်းမှု
မပြုလုပ်ခင် သူ့ရဲ့ကစားပုံတွေကို
ကင်းထောက်စေလွှတ်ရင်း စောင့်ကြည့်နေပါတယ်။
ပါးလ်မီးရက်စ်ရဲ့ပြည်တွင်းပြိုင်ဘက်
ဖလာမင်ဂိုအသင်းကလည်း အင်းဒရစ်ကို
ခေါ်ယူဖို့ စောင့်ကြည့်နေပြီး
သူ့ကို ဘရာဇီးမှာပဲ ဆက်ထိန်းထားဖို့ မျှော်လင့်နေပါတယ်။
သူဟာ ယူ-၂၀ ပွဲစဉ်အဖြစ် ယမန်နေ့က
အီစတီးလူငယ်အသင်းနဲ့ကစားခဲ့တဲ့အဝေးကွင်းပွဲမှာ
ပွဲချိန် ၁၄ မိနစ်အရောက်မှာ မမေ့နိုင်တဲ့ဂိုးမျိုး
သွင်းယူခဲ့တာဖြစ်ပြီး အသင်းကလည်း ၂-၅ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
အင်းဒရစ်ဟာ အိမ်ရှင်ခံစစ်က ရှင်းထုတ်လို့
ပင်နယ်တီဧရိယာထိပ် ဘောလုံးကျလာတာကို
မြေတောင် အကျမခံဘဲ နောက်ပြန်အနေအထားကနေ
ဘယ်ခြေနဲ့ ဘိုင်စကယ်ကစ် ကန်လိုက်တာဖြစ်ပါတယ်။
ဘောလုံးက ဂိုးသမားရဲ့ညာဘက်အပေါ်ထောင့်ထဲ
တန်းတန်းမတ်မတ် ဝင်သွားပြီး ဂိုးသမားလည်း
ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။
အင်းဒရစ်အနေနဲ့ အသက် ၁၆ နှစ်ပြည့်မယ့်
ဇူလိုင်လမှာ ပရော်ဖက်ရှင်နယ်စာချုပ်
ချုပ်ဆိုနိုင်မှာဖြစ်ပြီး သူဟာ ရီးရဲလ်နဲ့
ဘရာဇီးလူငယ်ကြယ်ပွင့် ဗင်နီစီးယပ်စ်ဂျူနီယာနဲ့
အေးဂျင့်အတူတူပဲဖြစ်ပါတယ်။