ရုရှားရဲ့ကျူးကျော်မှုကြောင့် အိမ်ကွင်းဟောင်းကို ဒုက္ခသည်တွေအတွက် နေစရာအဖြစ် ဖန်တီးပေးလိုက်တဲ့ ရှက်တာဒိုးနက်

ယူကရိန်းဘောလုံးလောကရဲ့အင်အားကြီးကလပ်အသင်းတစ်သင်းဖြစ်တဲ့

ရှက်တာဒိုးနက်ဟာ ရုရှားနိုင်ငံရဲ့ကျူးကျော်ဝင်ရာက်မှုကြောင့်
ယူကရိန်းနိုင်ငံသားတွေကို ကူညီနိုင်ရေးအတွက်
အိမ်ကွင်းဟောင်းဖြစ်တဲ့ Arena Lviv ကို
ဒုက္ခသည်တွေ နေထိုင်ဖို့ ယာယီအဆောက်အဦအဖြစ်
ပြောင်းလဲ အသုံးပြုနေပါတယ်။

ရှက်တာဒိုးနက်အသင်းက Arena Lviv ကွင်းကို
ဒုက္ခသည် ၂၀၀၀ ကနေ ၃၀၀၀ အတွင်း
လုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ယာယီအဆောင်အဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

Arena Lviv ကွင်းက ပရိသတ် ၃၄၉၀၀ ဝင်ဆံ့ပြီး
FC Lviv အသင်းနဲ့ Rukh Lviv အသင်းတို့က အိမ်ကွင်းအဖြစ်
အသုံးပြုနေတာဖြစ်ပါတယ်။
ရုရှားနိုင်ငံက ဝင်ရောက်ကျူးကျော်လာချိန်မှာ
နယ်စပ်ဒေသဖြစ်တဲ့ ဒွန်ဘက်စ်ဒေသက

အရင်ဆုံးခံခဲ့ရတာဖြစ်ပြီး ရှက်တာဒိုးနက်အသင်းက
၂၀၁၄ ကနေ ၂၀၁၆ အထိ အဆိုပါကွင်းကို
အိမ်ကွင်းအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက
ရုရှားသမ္မတ ပူတင်ရဲ့ဆုံးဖြတ်ချက်ကြောင့်

စစ်ပွဲဖြစ်ခဲ့ရာမှာ ယူကရိန်းနိုင်ငံသား ဒုက္ခသည်
၂၄၇၃၄၂၇ ဦးအထိ ရှိတယ်လို့ အတည်ပြုကြေညာပါတယ်။


”Lviv မြို့မှာ ယာယီအဆောက်အဦ တည်ဆောက်ဖို့

ကျွန်တော်တို့အသင်း ကမကထပြုစီစဉ်ခဲ့ပြီး ကြီးမားတဲ့
ဘောလုံးကွင်းကို အသုံးပြုခဲ့တာပါ။ ဒီကွင်းက
ယူရို ၂၀၁၂ ပြိုင်ပွဲမှာ အိမ်ရှင်အဖြစ်
ဘောလုံးပွဲတွေလက်ခံကျင်းပခဲ့တဲ့ကွင်းပါ။
ကျွန်တော်တို့အသင်းလည်း အရင်တုန်းက

ချန်ပီယံလိဂ်ပွဲတွေမှာပါ Lviv ကွင်းကို
အိမ်ကွင်းအဖြစ် အသုံးပြုခဲ့ဖူးပြီး ဒေသဆိုင်ရာ
အာဏာပိုင်တွေနဲ့ လက်တွဲပြီးတော့
ဒုက္ခသည် ၂၀၀၀ ကနေ ၃၀၀၀ လောက်အထိ
နေထိုင်နိုင်ဖို့ စီစဉ်ခဲ့တာပါ။

ဘင်ဖီကာအသင်းကလည်း အစားအစာတွေ၊
ဆေးဝါးတွေနဲ့ အဝတ်အထည်တွေ ပါဝင်တဲ့
ထရပ်ကား ၅စီးစာအပြည့် ပစ္စည်းတွေ လှူဒါန်း
ကူညီခဲ့ပြီး ကျွန်တော်တို့အသင်းရဲ့ဝန်ထမ်းတွေလည်း
ကွင်းလယ်မှာ ဗော်လန်တီယာအဖြစ် ဆောင်ရွက်ပေးနေပါတယ်။

ပိုလန်ကလပ် လီဂီယာဝါဆောကလည်း လိုအပ်ရင်
သူတို့အသင်းရဲ့အိမ်ကွင်းကိုပါ ဒီလိုလုပ်ဆောင်ပေးဖို့ ကမ်းလှမ်းထားပါတယ်”လို့
ရှက်တာဒိုးနက်အသင်း ဆက်သွယ်ရေး ဒါရိုက်တာ
ယူရီဗီရီဒေါ့ဗ်က ပြောပါတယ်။