ရိန်းဂျားစ်အတွက် ဗွေဆော်ဦးဂိုးသွင်းနိုင်ဖို့ အချိန် ၅မိနစ်ပဲ ယူခဲ့တဲ့ ဒီယယ်လို

ရိန်းဂျားစ်တိုက်စစ်မှူး အာမက်ဒီယယ်လိုဟာ အသင်းသစ်အတွက်
ပထမဆုံးဂိုးသွင်းနိုင်ဖို့ အချိန် ၅ မိနစ်ပဲ ယူခဲ့ရပြီး
ရော့စ်ကောင်တီနဲ့ ၃-၃ ဂိုးသရေကျခဲ့တဲ့ပွဲမှာ
ပထမဆုံးပွဲထွက်ကစားရင်း အသင်းအတွက်
သူ့ရဲ့ဗွေဆော်ဦးဂိုးပါ သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီယယ်လိုဟာ ပြီးခဲ့တဲ့နှစ်က မျှော်လင့်ချက်တွေ
အပြည့်နဲ့အတူ ယူနိုက်တက်ကို ရောက်လာပြီး
ယူရိုပါလိဂ်မှာ အေစီမီလန်အသင်းဘက်
ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ယူနိုက်တက်မှာ
ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။


ဒီယယ်လိုဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက
ဖီယင်နုကို အငှားနဲ့ ပြောင်းရွှေ့ဖို့
နီးစပ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာကြောင့်
အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရပြီး
ကြာသပတေးနေ့မှာတော့ စကော့ချန်ပီယံ
ရိန်းဂျားစ်အသင်းထံ ၆လ
အငှားစာချုပ်နဲ့ ရောက်ရှိသွားခဲ့ပါတယ်။
အသက် ၁၉နှစ်အရွယ်ရှိ ဒီယယ်လိုဟာ
ယနေ့ညမှာ ကစားခဲ့တဲ့ ရော့စ်ကောင်တီနဲ့
အဝေးကွင်းပွဲမှာ ဦးစားပေးကစားသမားအဖြစ်
ပါဝင်ခွင့်ရခဲ့ပြီး ပွဲအစ ၅ မိနစ်အကြာမှာပဲ
အရီဘိုရဲ့ဖြတ်တင်ဘောကနေ ပိတ်သွင်းကာ
ရိန်းဂျားစ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ရိန်းဂျားစ်အနေနဲ့ နောက်ဆုံးမိနစ်ချေပဂိုးကြောင့်
အဝေးကွင်းမှာ နိုင်ပွဲပျောက်ခဲ့ရပေမယ့်
ပရိသတ်တွေကတော့ ဒီယယ်လို
ဂိုးသွင်းနိုင်မှုအပေါ် လူမှုမီဒီယာမှာ
အသီးသီးမှတ်ချက်ပေး ရေးသားခဲ့ကြပါတယ်။
”မျှော်လင့်ချက်အကြီးကြီးမထားပေမယ့်
ဒီယယ်လိုက ကမ္ဘာ့အကောင်းဆုံး
ကစားသမားဖြစ်လာမှာ သေချာတယ်”
”ဒီယယ်လိုက ပါရမီအပြည့်ပါသူဖြစ်ပြီး
ယူနိုက်တက်အတွက် အရေးပါတဲ့
ကစားသမားဖြစ်လာမှာ သေချာပါတယ်”
”ဒီယယ်လိုဟာ ရိန်းဂျားစ်အတွက်
ပထမဆုံးဂိုးသွင်းယူဖို့ ၅ မိနစ်ပဲ
အချိန်ယူခဲ့ပါတယ်။ သူ့ဆီကနေ
အများကြီးထပ်လာပါဦးမယ်”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။