ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြအဖြစ် ရေပန်းအစားဆုံးစာရင်းကနေ လျှောကျသွားတဲ့ ပိုချက်တီနို

ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုဟာ
ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်လာဖို့
ရေပန်းအစားဆုံးအဆင့်ကနေ လျှောကျသွားပါတယ်။
ပိုချက်တီနိုဟာ ဆိုးလ်ရှားရဲ့နေရာမှာ
အမြဲတမ်းနည်းပြအဖြစ် အစားဝင်ဖို့
ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး သူကိုယ်တိုင်ကလည်း
ယခုရာသီအကုန်မှာ ပီအက်စ်ဂျီကနေ
ထွက်ခွာဖို့ စိတ်အားထက်သန်နေတယ်လို့
သိရပါတယ်။ ဒါပေမဲ့ ပိုချက်တီနိုဟာ


အခုတော့ ယူနိုက်တက်နည်းပြဖြစ်လာဖို့
နံပါတ် ၁ ဦးစားပေးပစ်မှတ်မဟုတ်တော့ဘဲ
ယူနိုက်တက်အသင်းက အေဂျက်စ်နည်းပြ
အဲရစ်တန်ဟတ်ကို ဦးစားပေးခေါ်ယူဖို့
စီစဉ်လာတယ်လို့ The Times သတင်းစာက
ရေးသားဖော်ပြပါတယ်။ အသက် ၅၁ နှစ်အရွယ်ရှိ
တန်ဟတ်ဟာ အေဂျက်စ်အသင်းနဲ့အတူ
ဥရောပမှာ တောက်ပလာတဲ့နည်းပြတစ်ဦးဖြစ်ပြီး
သူ့လက်ထက်မှာ အေဂျက်စ်အသင်းဟာ
အမှတ်ပေးချန်ပီယံဆု ၂ကြိမ်ရခဲ့သလို
၂၀၁၈-၁၉ ရာသီကလည်း ချန်ပီယံလိဂ်မှာ
ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။


သူဟာ ယခုရာသီချန်ပီယံလိဂ်မှာလည်း
အေဂျက်စ်ကို အုပ်စုပွဲစဉ်အားလုံးအနိုင်ရဖို့
ဦးဆောင်ထားပြီး သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေနဲ့
ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ ဒီဇင်ဘာလအတွင်းမှာ
ပြောခဲ့ဖူးပါတယ်။