ယူနိုက်တက်မှာ စံချိန်တွေတင်နေဆဲဖြစ်တဲ့ဆိုးလ်ရှား

ယူနိုက်တက်နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားနဲ့
သမီးဖြစ်သူ ကာနာဆိုးလ်ရှားတို့ဟာ ယူနိုက်တက်အတွက်
ပွဲကစားခွင့်ရရှိခဲ့တဲ့ ပထမဆုံး အဖေနဲ့သမီးဖြစ်လာပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ ကာနာဟာ တနင်္ဂနွေနေ့က
ဘရစ်ဝါးတားအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့
အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲမှာ
ယူနိုက်တက်အမျိုးသမီးအသင်းအတွက်
ပထမဆုံးပွဲထွက်အဖြစ် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။


အဲဒီပွဲကို ကာနာရဲ့ဖခင်ဖြစ်တဲ့ ဆိုးလ်ရှားလည်း
လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ကာနာက
ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။
ကာနာဟာ ယူနိုက်တက် အမျိုးသမီး ယူ-၂၁ အသင်းအတွက်
၁၂ပွဲမှာ ၁၃ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အသင်းကြီးမှာ
ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး ဆိုးလ်ရှားက
ကြားရက်အတွင်း ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ
လာရောက်ကြည့်ရှုခဲ့သလို အက်ဖ်အေဖလားပွဲမှာလည်း
ဇနီးသည် ဆီဂျီနဲ့အတူ သမီးဖြစ်သူရဲ့
ကစားပုံကို လာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။


ကာနာဟာ တိုက်စစ်မှူးအဖြစ် ကစားနေတာဖြစ်ပြီး
ဆိုးလ်ရှားရဲ့အငယ်ဆုံးသားဖြစ်သူ အီလီဂျာဆိုးလ်ရှားနဲ့အတူ
၂၀၁၉ ခုနှစ်က ယူနိုက်တက်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။
ဆိုးလ်ရှားရဲ့အကြီးဆုံးသားဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ်ရှိ
နိုအာဆိုးလ်ရှားဟာ ခရစ္စတီယန်ဆန်းအသင်းမှာ ကစားနေပြီး
၂၀၁၉ ခုနှစ်က ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။