မြင်ရခဲတဲ့ စကော်ပီယံသွင်းဂိုးနဲ့ ဝက်ဖို့ဒ်ကွင်းကို အလင်းဖြာပေးခဲ့တဲ့ ဆာဂျန့်

နောဝစ်ချ်တိုက်စစ်မှူး ဂျို့ရှ်ဆာဂျန့်ဟာ
တန်းမဆင်းရရေး ၆ မှတ်တန်ပွဲမှာ
အိမ်ရှင်ဝက်ဖို့ဒ်ကို ဝ-၃ ဂိုးနဲ့
အနိုင်ရခဲ့ရာမှာ မီးမောင်းတွေ
သိပ်မကောင်းလို့ အလင်းရောင်
ကောင်းစွာမရတဲ့ ဝက်ဖို့ဒ်ကွင်းမှာ
အလင်းတွေ ဖြာပေးဖို့ အံ့ဖွယ်
စကော်ပီယံသွင်းဂိုးနဲ့ ဖျော်ဖြေပေးနိုင်ခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ပွဲမှာ ထူးထူးခြားခြား
ပြောစရာ သိပ်မရှိနိုင်ဘူးလို့ ပရိသတ်တွေ
ထင်မြင်ယူဆခဲ့ပြီး နှစ်သင်းစလုံးက
ယခုရာသီမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပါတယ်။


ပထမပိုင်းကလည်း မျှော်လင့်ထားတဲ့အတိုင်း
ပြောစရာသိပ်မရှိခဲ့ဘဲ ဂိုးမရှိသရေကျနေခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၅၁ မိနစ်မှာ နောဝစ်ချ်တိုက်စစ်မှူး
ဆာဂျန့်က အားလုံးကို အထင်နဲ့အမြင် တက်တက်စင်
လွဲစေခဲ့တဲ့အနေနဲ့ အရည်အသွေးမြင့်ဂိုးတစ်ဂိုး ဖန်တီးပြသွားပါတယ်။
တိုက်စစ်မှူး ပူကီ ညာဘက်အခြမ်းကနေ ဘောလုံးလိုက်လုပြီး
ဂိုးရှေ့ပြန်ထိုးပေးတာကို ပိတ်သွင်းဖို့အတွက်
ဆာဂျန့်လည်း ဂိုးဧရိယာထဲ ဝင်လာပါတယ်။
ဒါပေမဲ့ သူရောက်လာတာ စောသွားတဲ့အတွက်
ဘောလုံးက သူ့အနောက် ရောက်သွားပါတယ်။
ဒါနဲ့ အမေရိကန်လက်ရွေးစင် ဆာဂျန့်လည်း
အနောက်ရောက်နေတဲ့ ဘောလုံးကို နဂံနဲ့
စကော်ပီယံကစ်ထုတ်သုံးရင်း ချိတ်သွင်းလိုက်တာ
ဘောလုံးက ဂိုးအောက်ခြေထိပြီး ဂိုးထဲထောက်ကျသွားပါတယ်။


”ဒီဂိုးကို မြင်ရတာ ဂျီရူးရဲ့စကော်ပီယံကစ်ချက်ကို
ပြန်အမှတ်ရစေတယ်။ ဒါပေမဲ့ ဒီဂိုးက စကော်ပီယံကစ် ပိုစစ်တယ်”လို့ ပရိသတ်တစ်ဦးက ပြောပါတယ်။
ဗီကာရေ့ဂျ်ကွင်းအတွင်း မီးမောင်းတစ်ခု
ပျက်သွားပေမယ့် ဆာဂျန့်ရဲ့စကော်ပီယံကစ်ချက်ကို
မှတ်တမ်းတင်ဂုဏ်ပြုတဲ့ ပရိသတ်တွေရဲ့
ကင်မရာရိုက်ချက်တွေကြောင့် ကွင်းက မီးမောင်းတစ်လုံး
ပျက်နေတာ မသိသာခဲ့ပါဘူး။