မိုဗစ် ပိတ်ဆို့အရေးယူခံရပြီးနောက် မသေမချာဖြစ်နေတယ်လို့ တူချယ်ဝန်ခံ

ချဲလ်ဆီးအသင်းနည်းပြ တူချယ်က အသင်းပိုင်ရှင်

မိုဗစ် စီးပွားရေးပိတ်ဆို့အရေးယူ ခံရမှုအပေါ်
အသင်းသားတွေ တုံ့ပြန်မယ့်နည်းလမ်းအပေါ်
သူလည်း မသေမချာဖြစ်နေတယ်လို့ ဝန်ခံပါတယ်။
ချဲလ်ဆီးဟာ နောဝစ်ချ်ကို အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင်
ဗြိတိန်အစိုးရက ယူကရိန်းကို ရုရှားနိုင်ငံက

ဝင်ရောက်ကျူးကျော်မှုအတွက် ရုရှားနိုင်ငံသား
မိုဗစ်ချ်ကို ပိတ်ဆို့အရေးယူခဲ့တာဖြစ်ပြီး
ချဲလ်ဆီးအသင်းအပေါ်လည်း ကြီးမားတဲ့ရိုက်ခတ်မှုရှိခဲ့ပါတယ်။

ချဲလ်ဆီးဟာ ကစားသမားသစ်ခေါ်ယူခွင့်နဲ့
အသင်းသားတွေကို စာချုပ်သစ်ချုပ်ဆိုခွင့်
ပိတ်ပင်ခံခဲ့ရတဲ့အပြင် ဂျာစီစပွန်ဆာ Three ကလည်း
တစ်နှစ် ပေါင်သန်း ၄၀တန် စပွန်ဆာစာချုပ်ကို ရပ်ဆိုင်းလိုက်ပါတယ်။
အသင်းရဲ့အနေအထားက မသေမချာဖြစ်နေသလို

နည်းပြတူချယ်ကိုယ်တိုင်လည်း အနာဂတ်မရေမရာဖြစ်နေပါတယ်။
”ဘာသံသယမှမရှိဘူးလို့ ပြောရင်
ကျွန်တော် လိမ်ပြောရာရောက်ပါလိမ့်မယ်။
ဒါပေမဲ့ ယုံကြည်မှုလည်း အများကြီးရှိပါတယ်။
ကျွန်တော်တို့ဟာ ခက်ခဲတဲ့ကာလတွေမှာ

ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပြီး စွမ်းဆောင်ရည်
ကောင်းလည်း ပြသနိုင်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ
ကိုယ့်ရဲ့စိတ်ဓာတ်ပိုင်းနဲ့ အသင်းရဲ့ရိုးရာဓလေ့တွေကို
ယုံကြည်နိုင်ပြီး ဘောလုံးကိုပဲ အာရုံစိုက်ထားပါတယ်”လို့
တူချယ်က နောဝစ်ချ်နဲ့ပွဲအပြီးမှာ ပြောပါတယ်။


မိုဗစ်ချ်ဟာ ယူကရိန်းထဲ ဝင်ရောက်ကျူးကျော်ဖို့
အဓိကအမိန့်ပေးခဲ့တဲ့ ရုရှားသမ္မတ ပူတင်နဲ့
ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်လို့

သတင်းတွေ ထွက်ပေါ်နေပေမယ့်
ချဲလ်ဆီးပရိသတ်တွေကတော့ နောဝစ်ချ်နဲ့ပွဲမတိုင်ခင်
မိုဗစ်ချ်ရဲ့နာမည်ကို သံပြိုင်အော်ဟစ် အားပေးခဲ့ပါတယ်။