မာရှယ်ကိုခေါ်ယူဖို့ ဆီဗီလာအသင်း နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေ ပြုလုပ်နေ

ဆီဗီလာအသင်းဟာ ယူနိုက်တက်တိုက်စစ်မှူး
မာရှယ်ကို ခေါ်ယူနိုင်ရေးအတွက် တနင်္လာနေ့က
နောက်ထပ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်
ယခုအခါ အပြောင်းအရွှေ့အတွက် နောက်ဆုံးအဆင့်
လုပ်ဆောင်စရာတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ဆီဗီလာက မာရှယ်အတွက် ငှားရမ်းခအဖြစ်
ပေါင် ၅သန်းနဲ့ ကမ်းလှမ်းထားပြီး
ကစားသမားဖြစ်သူကလည်း အပြောင်းအရွှေ့
ဖြစ်ပေါ်ဖို့ လုပ်ခလစာ လျှော့ယူမှာဖြစ်ပါတယ်။
ယူနိုက်တက်ဘက်က မီးစိမ်းပြတာနဲ့ မာရှယ်လည်း
ဆေးစစ်မှု ခံယူဖို့ အေးဂျင့်ဖြစ်သူ လမ်ဘိုလေနဲ့အတူ
ဆီဗီးလ်ကို ခရီးထွက်မှာဖြစ်ပေမယ့် အဲဒီအငှားစာချုပ်ထဲမှာ
အပြီးသတ်ခေါ်ယူခွင့်တော့မပါဝင်ကြောင်း သိရပါတယ်။


အသက် ၂၆ နှစ်အရွယ်ရှိ မာရှယ်က အသင်းကနေ
ထွက်ခွာချင်တဲ့အကြောင်း ယူနိုက်တက်အသင်းထံ
အကြောင်းကြားထားပြီး ဆီဗီလာက သူ့ရဲ့
ဦးစားပေးအသင်းဖြစ်ပါတယ်။
နယူးကာဆယ်နဲ့ စပါးတို့ကလည်း မာရှယ်ကို
ခေါ်ယူချင်နေပေမယ့် ကစားသမားဖြစ်သူက
ပြည်ပကိုပဲ ပြောင်းရွှေ့ကစားချင်နေပါတယ်။


နောက်ပြီး ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့က
မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်
မြင့်မားတဲ့လုပ်ခလစာကို အပြည့်ပေးချေလိုခြင်းမရှိပါဘူး။
ဆီဗီလာက ယခုရာသီလာလီဂါမှာ ချန်ပီယံဆုအတွက်
ရီးရဲလ်ကို စိန်ခေါ်နေပြီး မာရှယ်ကလည်း
စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ စိတ်လှုပ်ရှားနေပါတယ်။