ဘရာဇီးရဲ့နောက်ဆုံးပေါ်ထုတ်ကုန်လေးအတွက် ယူရိုသန်း ၁၀၀အထိ စာချုပ်ဖျက်သိမ်းကြေးထည့်သွင်းဖို့ ပါးလ်မီးရပ်စ် ပြင်ဆင်

သတင်းတွေရဲ့ဖော်ပြချက်အရ ဘရာဇီးကလပ်
ပါးလ်မီးရပ်စ်အသင်းဟာ အသက် ၁၅နှစ်အရွယ်ရှိ
တိုက်စစ်မှူး အင်းဒရစ်ရဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး
ယူရိုသန်း ၁၀၀အထိ ထည့်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အင်းဒရစ်ဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပြီး
ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုလက်သစ်အဖြစ်
ပြည်တွင်းမှာ တင်စားခံနေရပါတယ်။
ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ခြေစွမ်းပြနေလို့လည်း
ဥရောပအသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေပြီး
AS သတင်းစာရဲ့ဖော်ပြချက်အရ သူ့ကို ခေါ်ယူဖို့
ရီးရဲလ်၊ ဘာစီလိုနာ၊ လီဗာပူး၊ ယူနိုက်တက်နဲ့
မန်စီးတီးတု့ိက အပြိုင်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


ပါးလ်မီးရပ်စ်ကလည်း အရင်ဆုံး အင်းဒရစ်ကို
ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုတဲ့အချိန်မှာ
ဥရောပအသင်းကြီးတွေရဲ့ ဆွဲဆောင်မှုကနေ
ကာကွယ်နိုင်ဖို့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀
ထည့်သွင်းဖို့ ပြင်ဆင်နေပြီး အင်းဒရစ်ရဲ့အသက်
၁၆ နှစ်ပြည့်မယ့် ဇူလိုင်လမှာ စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။
အင်းဒရစ်ဟာ အသင်းရဲ့လူငယ်အဆင့်ပွဲတွေမှာ
တောက်လျှောက်ခြေစွမ်းပြနေပြီး ၂၀၁၇ ခုနှစ်က
လူငယ်အသင်းမှာ ပထမဆုံးပွဲထွက်ပြီးချိန်ကတည်းက
အသင်းအတွက် ၁၆၉ပွဲမှာ ၁၆၅ဂိုးအထိ သွင်းယူထားပါတယ်။
ဘရာဇီးနိုင်ငံမှာကျင်းပတဲ့ လူငယ်ပြိုင်ပွဲတွေအနက်
အထင်ရှားဆုံးပြိုင်ပွဲဖြစ်တဲ့ Copinha de Sao Paulo မှာ
အင်းဒရစ်လည်း ခြေစွမ်းပြနိုင်ခဲ့ပြီး နေမာနဲ့ ဗင်နီစီးယပ်စ်တို့
ထွက်ပေါ်ခဲ့တဲ့ပြိုင်ပွဲလည်းဖြစ်ပါတယ်။
သူဟာ အဲဒီပြိုင်ပွဲမှာ စုစုပေါင်း ၆ဂိုးသွင်းယူနိုင်ခဲ့တဲ့အနက်
ဆန်းတို့စ်ကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့
ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ဂိုးလည်း ပါဝင်ပါတယ်။