ဘယ်နောက်ခံလူအဖြစ်ကနေ ဒဟေးယားအဖြစ် ပြောင်းလဲသွားတဲ့ ကိုမိုရော့စ်ဂိုးသမား

ကိုမိုရော့စ်ဘယ်နောက်ခံလူ ချာကာအယ်လ်ဟက်ဟူဟာ
ကင်မရွန်းနဲ့ပွဲမှာ အသင်းရဲ့လိုအပ်ချက်အရ
ဂိုးသမားအဖြစ် အရေးပေါ်ကစားခဲ့ရပေမယ့်
အံ့အားသင့်ဖွယ်လက်စွမ်းထုတ်ပြရင်း
အိမ်ရှင်အသင်းကို အခက်တွေ့စေခဲ့ပါတယ်။
ကိုမိုရော့စ်မှာ ဒဏ်ရာပြဿနာနဲ့
ကိုဗစ်ပြဿနာတွေဖြစ်ပေါ်နေလို့
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့
၁၆သင်းအဆင့်ပွဲစဉ်အတွက် အသင်းရှိ
ဂိုးသမား ၃ဦးစလုံးမပါနိုင်ခဲ့ဘဲ
အရပ် ၅ ပေ၊ ၇ လက်မသာရှိတဲ့
ဘယ်နောက်ခံလူ အယ်လ်ဟက်ဟူကို
ဂိုးသမားအဖြစ် အရေးပေါ်အသုံးပြုခဲ့ရပါတယ်။


ဒါပေမဲ့ အယ်လ်ဟက်ဟူဟာ ပွဲချိန်အစောကြီးကတည်းက
တစ်ယောက်လျော့သွားတဲ့ ကိုမိုရော့စ်အသင်းအတွက်
အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့ပြီး အသင်းက
၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် အိမ်ရှင်ကင်မရွန်းကို
အကောင်းဆုံးခုခံကစားနိုင်ခဲ့ပါတယ်။
အထူးသဖြင့် ဒုတိယပိုင်းမှာ
အေဂျက်စီယိုဘယ်နောက်ခံလူ အယ်လ်ဟက်ဟူဆီ
ယူနိုက်တက်ဂိုးသမား ဒဟေးယား
ဝင်စားသွားတာလားလို့ ထင်ရလောက်အောင်
ကင်မရွန်းအသင်းရဲ့ ၂ဆင့်ကန်သွင်းချက်ကို
အယ်လ်ဟက်ဟူ အကောင်းဆုံး တားဆီးနိုင်ခဲ့ပါတယ်။
ပွဲချိန် ၅၃ မိနစ်မှာ လက်ရှိပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး
ကစားသမားဖြစ်နေတဲ့ ကင်မရွန်းတိုက်စစ်မှူး
အဘူဘာကာရဲ့ထောင့်ဖြတ်ကန်သွင်းချက်ကို
အယ်လ်ဟက်ဟူ ကာကွယ်ပုတ်ထုတ်နိုင်ခဲ့သလို
ညာတောင်ပံကနေ ထပ်ဆင့်ပိတ်သွင်းမှုကိုလည်း
လက်စွမ်းပြကာကွယ် ပုတ်ထုတ်သွားပါတယ်။


အသက် ၃၀ အရွယ်ရှိ အယ်လ်ဟက်ဟူဟာ
ပေါ်တိုတိုက်စစ်မှူးဟောင်း အဘူဘာကာရဲ့
ခေါင်းတိုက်ချက်ကိုလည်း ခြေထောက်နဲ့ကာကွယ်သွားပါတယ်။
ပရိသတ်တွေကလည်း လူမှုမီဒီယာမှာ
အယ်လ်ဟက်ဟူရဲ့လက်စွမ်းကို အသီးသီးချီးကျူးသွားပါတယ်။
”ကိုမိုရော့စ်ဂိုးသမားက ဒဟေးယားထက်အောင်
မော်ဒန်ဂိုးသမားအဖြစ် ပိုကောင်းနေသေးတယ်”
”ကိုမိုရော့စ်က ဂိုးသမားတစ်ဦးကို လက်တန်း ဖန်တီးနိုင်ခဲ့ပါတယ်”
”ကိုမိုရော့စ်ဂိုးသမားကို ပွဲစဉ်အလိုက်
အကောင်းဆုံးကစားသမားဆု ပေးသင့်တယ်။
သူက ဂိုးသမားမဟုတ်တာတောင်
အကောင်းဆုံးလက်စွမ်းပြသွားတယ်”
”ကိုမိုရော့စ်အသင်းက စောင့်ကြည့်ချင်စရာပဲ။
ဂိုးသမားကလည်း ဘယ်နောက်ခံလူ၊ ပြီးတော့
တစ်ယောက်လျော့နေတာတောင် အိမ်ရှင်ကင်မရွန်းကို
ခြေတည်တူကစားသွားတယ်”
”နေပါဦး..ကိုမိုရော့စ်ဂိုးသမားက ဘယ်နောက်ခံလူမလား…
သူ့ကို အကောင်းဆုံးဆုတော့ ပေးသင့်တယ်။
သူ့ရဲ့ကာကွယ်မှုတွေက ကမ္ဘာ့ဖလားမှာ
မြင်တွေ့နေကြ ကာကွယ်မှုတွေပဲ”လို့ ပရိသတ်တွေက အသီးသီးချီးကျူးခဲ့ကြပါတယ်။