ဗန်ပါစီကို ဘောလုံးနဲ့ တည်ကျွေးခဲ့တဲ့ ဝီလျံရဲ့ဖြစ်ရပ်ကို ပြန်ပြောင်းသတိရစေတဲ့ ရူဒီဂါရဲ့လုပ်ရပ်

ချဲလ်ဆီးအသင်းနောက်ခံလူ ရူဒီဂါဟာ စပါးကို အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပ-အကျော့ပွဲမှာ
မြက်ခင်းပေါ် လဲကျနေတဲ့ ပြိုင်ဘက်ကွင်းလယ်လူ အန်ဒွန်ဘီလီကို
ရည်ရွယ်ချက်ရှိရှိ ဘောလုံးနဲ့ တည်ကန်ခဲ့ပုံ ပေါ်ခဲ့ရာ
၂၀၁၈ ခုနှစ်က မြက်ခင်းပေါ် လဲကျနေခဲ့တဲ့ ဗန်ပါစီကို
ဘောလုံးနဲ့ တည်ကန်ခဲ့တဲ့ ဆွမ်ဆီးနောက်ခံလူဟောင်း
အက်ရှ်လေဝီလျံရဲ့ဖြစ်ရပ်ကို ပရိသတ်တွေ ပြန်ပြောင်းသတိရသွားပါတယ်။


အန်ဒွန်ဘီလီဟာ ဒုတိယပိုင်းမှာ ဘယ်တောင်ပံကနေ
ချဲလ်ဆီးနောက်ခံလူ အက်စ်ပီလီကွေတာကို ကျော်ဖြတ်ဖို့
ကြိုးစားစဉ် အရှိန်မထိန်းနိုင်ဘဲ မြက်ခင်းပေါ် လဲကျသွားပါတယ်။
အဲဒီမှာ ရူဒီဂါလည်း စည်းမျဉ်းဥပဒေဘောင်ထဲကနေ
စားလိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိသလားတော့မသိ
ထွက်လာတဲ့ဘောလုံးနဲ့ အန်ဒွန်ဘီလီကို အားရပါးရ
ကန်လိုက်ပါတယ်။
နှစ်ဦးစလုံး အရှိန်နဲ့ဖြစ်ပြီး တကယ်လို့များ
အန်ဒွန်ဘီလီသာ ကျောမပေးလိုက်ဘူးဆိုရင်
မျက်နှာကို ဘောလုံးနဲ့ အကန်ခံရမှာဖြစ်သလို
ဒီထက်ကံဆိုးရင် ရူဒီဂါ ဖြတ်ကန်လိုက်လို့
ခြေထောက်နဲ့ မျက်နှာနဲ့တောင် မိတ်ဆက်သွားနိုင်ပါတယ်။


၂၀၁၈ သြဂုတ်လကလည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်
ဆွမ်ဆီးနဲ့ ယူနိုက်တက်တို့ ရင်ဆိုင်စဉ်
ပင်နယ်တီဧရိယာအတွင်း ထိုးဖောက်လာတဲ့
ယူနိုက်တက်တိုက်စစ်မှူး ဗန်ပါစီ လဲကျသွားပါတယ်။
အဲဒီမှာ ဆွမ်ဆီးနောက်ခံလူ ဝီလျံက ဗန်ပါစီရဲ့ခေါင်းကို
ဘောလုံးနဲ့ စိတ်ရှိလက်ရှိ တည်ကန်လိုက်တာဖြစ်ပြီး
တည့်ထိသွားပါတယ်။
ဗန်ပါစီလည်း ဒေါသထွက်ပြီး အချင်းများခဲ့လို့
နှစ်ဦးစလုံး အဝါကတ်ပြသခံခဲ့ရပါတယ်။
ဒီတစ်ခါ ရူဒီဂါရဲ့လုပ်ရပ်ကို ဒိုင်လူကြီးက
အရေးမယူခဲ့ဘဲ ပရိသတ်တွေက
အွန်လိုင်းမှာ ဝေဖန်ခဲ့သလို တချို့ကလည်း
သူ့ရဲ့လုပ်ရပ်ကို သဘောကျခဲ့ကြပါတယ်။
”အနေအထားကို ရှိုးလိုက်ဦး…အန်ဒွန်ဘီလီကို
ရူဒီဂါ သတ်သလိုတောင်ဖြစ်သွားနိုင်တယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။