ဖီဖာ အကောင်းဆုံးဆုအတွက် မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူတွေကို မဲပေးခဲ့လဲ

ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ်

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက
ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို မဲပေးရွေးချယ်ခဲ့ပေမယ့်
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကတော့
သူ့ရဲ့ပီအက်စ်ဂျီအသင်းဖော် ဘရာဇီးတိုက်စစ်မှူး
နေမာကို အကောင်းဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခဲ့ပါတယ်။

ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက
မက်ဆီနဲ့ လီဗာပူးတိုက်စစ်မှူး ဆာလာတို့ကို
ကျော်ဖြတ်ကာ ယခုနှစ်အတွက်
ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို
၂နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။


အဆိုပါဆုကို လက်ရွေးစင်အသင်းခေါင်းဆောင်တွေ၊
နည်းပြတွေ၊ မီဒီယာတွေနဲ့ ပရိသတ်တွေက
မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး လီဝန်ဒေါစကီးက

၄၈ မဲရရှိခဲ့သလို မက်ဆီက ၄၄ မဲနဲ့
ဆာလာက ၃၉ မဲရရှိခဲ့ပါတယ်။
ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုက
အကောင်းဆုံးဆုအဖြစ် လီဝန်ဒေါစကီးကို
ရွေးချယ်ခဲ့ပြီး ဒုတိယနဲ့ တတိယအဖြစ်

ချဲလ်ဆီးကွင်းလယ်လူတွေဖြစ်တဲ့
ကန်တီနဲ့ ဂျော်ဂျင်ညိုတို့ကို ရွေးချယ်ခဲ့ပါတယ်။
မက်ဆီကတော့ ဆန်ခါတင် ၃ဦးစာရင်းဝင်
တခြားကစားသမားတွေကို တစ်ဦးမှမရွေးချယ်ခဲ့ဘဲ
နေမာကို မဲပေးခဲ့သလို ဒုတိယအဖြစ်

နောက်ထပ် ပီအက်စ်ဂျီအသင်းဖော် ဘာပေကို
ရွေးချယ်ခဲ့ပြီး တတိယအဖြစ် ရီးရဲလ်တိုက်စစ်မှူး
ဘန်ဇီးမားကို ရွေးချယ်ခဲ့ပါတယ်။

အကောင်းဆုံးဆုရှင်ဖြစ်တဲ့ လီဝန်ဒေါစကီးက
ပထမဦးစားပေးရွေးချယ်မှုအဖြစ် အီတလီလက်ရွေးစင်
ဂျော်ဂျင်ညိုကို ရွေးချယ်ခဲ့ပေမယ့် ဒုတိယနဲ့ တတိယအဖြစ်
မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ရွေးချယ်ခဲ့ပါတယ်။