ပေါ်တူဂီပြန်မယ့်အကြောင်း ယူနိုက်တက်ကို ရော်နယ်ဒို အသိပေးခြင်းမရှိခဲ့

ယူနိုက်တက်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ

မန်ချက်စတာဒါဘီပွဲရှိခဲ့တဲ့ ပိတ်ရက်မှာ ပေါ်တူဂီကို
ပြန်မယ့်အကြောင်း အသင်းတာဝန်ရှိသူတွေဆီ
သတင်းပေးပို့ခဲ့တာမျိုးမရှိဘူးလို့ သိရပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က ဒါဘီပွဲမှာ
မန်စီးတီးကို အရှက်ရဖွယ် ၄-၁ ဂိုးနဲ့

အရေးနိမ့်ခဲ့ရပြီး ပွဲပြီးခါနီးမှာ အရှုံးပေး
လက်လျှော့လိုက်တယ်လို့လည်း အသင်းသားအများစု
ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရော်နယ်ဒိုပါလာရင် ယူနိုက်တက်အသင်း
ဘယ်လိုတုံ့ပြန်နိုင်မလဲဆိုတာ ခန့်မှန်းရခက်ပေမယ့်
ကစားသမားဖြစ်သူကတော့ အဲဒီပွဲကို အီတီဟတ်ကွင်းဆီ
လူကိုယ်တိုင် လာမကြည့်နိုင်ဘဲ
မွေးရပ်မြေ ပေါ်တူဂီကို ပြန်သွားခဲ့ပါတယ်။

တယ်လီဂရပ်ဖ်သတင်းစာကလည်း ရော်နယ်ဒိုအနေနဲ့
ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ ပေါ်တူဂီပြန်မယ့်အကြောင်း
အသင်းတာဝန်ရှိသူတွေဆီ အသိပေးအကြောင်းကြားခြင်း
မရှိဘဲ နည်းပြရန်းနစ်ကလည်း အဲဒီအခြေအနေကြောင့်
ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ကတော့ ရွှေဘောလုံးဆု
၅ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုရဲ့အခြေအနေအပေါ်
ဘယ်လိုမှသဘောမထားဘဲ ပွဲကစားဖို့
လုံလောက်တဲ့ကြံ့ခိုင်မှုမရှိတဲ့အနေအထားမှာ
ပွဲကြည့်စေဖို့ ဆန္ဒလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။


ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း
တင်ပါးဒဏ်ရာကြောင့် ကြံ့ခိုင်မှုအပြည့်ရဖို့
ရုန်းကန်နေရပြီး အင်္ဂါနေ့မှာ ထရိန်နင်ပြန်ဆင်းဖို့

စီစဉ်ထားပေမယ့် အခုချိန်အထိ လေ့ကျင့်ခန်း
မဆင်းနိုင်သေးကြောင်း သိရပါတယ်။
ဒီအတွက်ကြောင့် ရော်နယ်ဒိုဟာ
လာမယ့်ရက်သတ္တပတ်အကုန်မှာ ကစားရမယ့်
စပါးနဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့

ဖြစ်နိုင်ခြေနည်းနေတယ်လို့ သိရပါတယ်။