ပေါ်တင်ကြီး လွတ်နေတဲ့ မက်ဆီကို ဘောလုံးမပေးခဲ့တဲ့ ဘာပေ တစ်ကိုယ်ကောင်းသမားအဖြစ် ဝေဖန်ခံနေရ

ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေဟာ လီဂူး-၁ ချန်ပီယံ
လိုင်လီကို ၁-၅ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လူကပ်မခံထားရတဲ့
မက်ဆီထံ ဘောလုံးမပေးပို့ခဲ့တဲ့အတွက် လူမှုမီဒီယာမှာ
ပရိသတ်တွေရဲ့ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပီအက်စ်ဂျီဟာ ပွဲချိန် ၁၀ မိနစ်မှာ သွင်းယူခဲ့တဲ့ ဒန်နီလိုပါရဲရားရဲ့
ဂိုးနဲအတူ ဦးဆောင်နိုင်ခဲ့ပြီး လိုင်လီက ဘော့မန်းရဲ့မြေမကျကန်ချက်နဲ့
ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ခံလူ ကင်ပမ်ဘီက
ပီအက်စ်ဂျီအတွက် ဒုတိယမြောက်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။


အဲဒီနောက် ပွဲချိန် ၃၈မိနစ်မှာ မက်ဆီက
ပီအက်စ်ဂျီအတွက် လှပတဲ့ မ,တင်ကန်ချက်နဲ့
တတိယမြောက်ဂိုးသွင်းယူခဲ့ပါတယ်။
အဓိကပြောချင်တာက အဲဒီဂိုးမတိုင်ခင်ဖြစ်ရပ်ပါ။
ဘာပေဟာ ကွင်းလယ်စည်းနားမှာ ဘောလုံး
လက်ခံရယူပြီးနောက် ဘယ်တောင်ပံကနေ
တစ်ယောက်တည်း ဆွဲပြေးလာပြီး အတွင်းထဲ
ဝင်ဖို့ ကြိုးစားပါတယ်။
ဒီနေရာမှာ မက်ဆီက လူကပ်မခံထားရတဲ့
အနေအထားမှာ ရှိနေပြီး ဘာပေသာ သူ့ကို
ပေးလိုက်ရင် ဂိုးရနိုင်ဖို့ ရာခိုင်နှုန်းပိုများသွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဘာပေက ဘယ်သူ့မှမပေးဘဲ
တစ်ယောက်တည်း ဆွဲပြေးလာတဲ့အခါ
လိုင်လီခံစစ်ရဲ့ရှင်းထုတ်ခြင်း ခံလိုက်ရပါတယ်။

ဒါပေမဲ့ ဘာပေ ဘောလုံးမပေးလည်း
ကံကြမ္မာက မက်ဆီဘက်မှာ ရှိနေခဲ့ပြီး
မက်ဆီက ကြားဝင်လုယူကာ ရှေ့ထွက်လာတဲ့
ဂိုးသမားကိုပါ အသာလေး ကျော်သွင်းနိုင်ခဲ့ပါတယ်။
မက်ဆီဟာ အသင်းအတွက် တတိယမြောက်ဂိုး
သွင်းယူနိုင်ခဲ့ပေမယ့် ပရိသတ်တွေကတော့
ဘာပေရဲ့တစ်ကိုယ်ကောင်းစိတ်ဓာတ်အပေါ်
စိတ်မသက်မသာဖြစ်နေပြီး လူမှုမီဒီယာမှာ အသီးသီးဝေဖန်ခဲ့ပါတယ်။
”မက်ဆီ ကစားတာကိုကြည့်လိုက်၊ အေးအေးဆေးဆေးလေးပဲ။
ဘာပေကျတော့ ဘောလုံးနဲ့အတူ ဆွဲပြေးတာ
ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတဲ့ပုံ။ ပြီးတော့
တစ်ကိုယ်ကောင်းကလည်း ဆန်သေးတယ်”
”ဘာပေဟာ ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရသလို
မက်ဆီကို ဘောလုံးပေးဖို့လည်း ငြင်းဆန်ခဲ့ပါတယ်”
”ဘာပေက ပါရမီရှိတာမှန်တယ်။ ဒါပေမဲ့
ကျွန်တော်ကတော့ သူ့ရဲ့စတိုင်ကို
သဘောမကျဘူး။ မလိုအပ်ဘဲ
တစ်ကိုယ်ကောင်းဆန်တာမျိုးဆို
မကြိုက်ဘူး။ အသင်းဖော်ကို
အေးဆေး ပေးလို့ရနေတဲ့အနေအထားမှာ
ဘာရည်မှန်းချက်မရှိဘဲ ဘောလုံးဆွဲပြေးနေတာက
အတော်လေးဆိုးပါတယ်”လို့ ပရိသတ်တွေက
အသီးသီးမှတ်ချက်ပြုခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ဒီပွဲမှာအနိုင်ရခဲ့လို့
ဒုတိယနေရာက မာဆေးလ်ကို
၁၃ မှတ်အထိ ဖြတ်ကာ ထိပ်ဆုံးကနေ
ဦးဆောင်နေပြီး မက်ဆီအနေနဲ့ အခုမှ
လိဂ်သွင်းဂိုး ၂ဂိုးပဲ သွင်းရသေးပေမယ့်
ဂိုးဖန်တီးမှုကတော့ ၆ကြိမ်အထိ ပြုလုပ်ထားပါတယ်။