ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်လူအဖြစ် ဂျရတ် သတ်မှတ်ခံရ

လီဗာပူးဂန္ထဝင်ကစားသမားကြီး စတီဗင်ဂျရတ်ဟာ
ချဲလ်ဆီးသူရဲကောင်း လမ်းပတ်နဲ့ ယူနိုက်တက်ဂန္ထဝင်
ပေါလ်စခိုးလ်တို့ကို ကျော်ဖြတ်ကာ
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်
အကောင်းဆုံးကွင်းလယ်လူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အသက် ၄၁နှစ်အရွယ် ကွင်းလယ်လူဟောင်း ဂျရတ်ဟာ
လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလား ၁ကြိမ်၊
ယူအီးအက်ဖ်အေဖလား ၁ကြိမ်၊ အက်ဖ်အေဖလား
၂ကြိမ်နဲ့ လိဂ်ဖလား ၃ကြိမ် ရယူနိုင်ခဲ့ပါတယ်။


ဂျရတ်ဟာ ၂၀၁၅ ခုနှစ်က လီဗာပူးကနေ
မထွက်ခွာခင် အသင်းအတွက် ပွဲပေါင်း ၇၁၀ မှာ
၁၈၆ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့်
ပရီးမီးယားလိဂ်ချန်ပီယံဆုတော့ မရယူနိုင်ခဲ့ပါဘူး။
SPORTbible ကနေပြီးတော့ တွစ်တာကနေ
လမ်းပတ်၊ ဂျရတ်နဲ့ စခိုးလ်တို့အနက်
ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ စစ်တမ်းတစ်ခု တင်ခဲ့ပါတယ်။
အဲဒီမှာ ပရိသတ်ပေါင်း ၃၀၇၅၉ ဦး
ဝင်ရောက်မဲပေးခဲ့ပြီး လက်ရှိဗီလာအသင်းနည်းပြ
ဂျရတ်က ၄၃.၈ ရာခိုင်နှုန်းနဲ့
ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။


ယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားပေါင်း
၂၅လုံးအထိ ရယူနိုင်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း
စခိုးလ်က ၂၈.၇%နဲ့ ဒုတိယနေရာမှာ
ရပ်တည်ခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့
ဂိုးသွင်းအများဆုံးဖြစ်တဲ့ လမ်းပတ်ကတော့
၁၈%နဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။