ပထမဆုံးဆိုတဲ့စံချိန်မြောက်များစွာနဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ကိုတက်ရောက်တဲ့ စတုတ္ထမြောက် အာဖရိကအသင်းအဖြစ် မော်ရိုကို မှတ်တမ်းရေးထိုး

မော်ရိုကိုအသင်းဟာ ဥရောပရဲ့နာမည်ကျော်စပိန်အသင်းကိုနောက်ကောက်ချပြီး

ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါပြီ။

အများစုထင်မှတ်မထားတဲ့ရလဒ်ဖြစ်ပြီး မော်ရိုကိုဟာ အသင်းသမိုင်းတစ်လျှောက်

ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမဆုံးပင်နယ်တီအဆုံးအဖြတ်ခံယူပွဲမှာ ပထမဆုံးအကြိမ်ကွာတားဖိင်နယ်တက်ရောက်ခဲ့တာဖြစ်တယ်။

နည်းပြ ရက်ရာဂီကလည်း ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ကိုရောက်အောင်လမ်းပြပေးနိုင်တဲ့

ပထမဆုံး အာဖရိကသားနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် မော်ရိုကိုအနေနဲ့ ကင်မရွန်း(၁၉၉၀)၊ ဆီနီဂေါ(၂၀၀၂) နဲ့ ဂါနာ(၂၀၁၀) တို့ပြီးနောက်

ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်တဲ့ စတုတ္ထမြောက် အာဖရိကအသင်းဖြစ်လာပါတယ်။

ဆာဘီရီ၊ ဇီယက်ရှ်နဲ့ ဟာကီမီတို့လိုကစားသမားတွေက ပင်နယ်တီအဆုံးအဖြတ်မှာ

အတည်ငြိမ်ဆုံးနဲ့ဂိုးဝင်အောင်ကန်နိုင်ခဲ့ပေမဲ့  ပြိုင်ဘက်ကြီးစပိန်ကတော့ ၃ကြိမ်လုံးလွဲချော်ခဲ့တာဖြစ်တယ်။

ထူးခြားတာက ပင်နယ်တီအဆုံးအဖြတ်မှာ စပိန်ကိုပုံစံပေးခဲ့တာက ဆီဗီလာဂိုးသမားဘိုနိုဖြစ်နေသလို

အဆုံးအဖြတ်ပင်နယ်တီကို ပီနန်ကာပုံစံနဲ့သွင်းယူခဲ့တဲ့ ဟာကီမီဟာလည်း မက်ဒရစ်မှာမွေးဖွားခဲ့သူဖြစ်နေပါတယ်။

အထူးသဖြင့်တော့ အင်းနရစ်ရဲ့စပိန်အသင်းဟာ ဘောလုံးကိုင်ကစားလွန်းခဲ့ပြီး

ပစ်မှတ်ကို တိုက်ရိုက်သွားနိုင်လောက်တဲ့ဖိအားပေးမှုမျိုးမလုပ်နိုင်ခဲ့လို့

မော်ရိုကိုအသင်းဟာ ပထမဆုံးဆိုတဲ့စံချိန်တွေကြားမှာ အောင်ပွဲခံနိုင်ခဲ့တာဖြစ်တယ်။

မိနစ်(၉၀)အတွင်းမှာလည်း ရိုမိန်းဆိုင်းစ်နဲ့ အာဂတ်တို့ရဲ့ မော်ရိုကိုခံစစ်က တည်တည်ငြိမ်ငြိမ်နဲ့

စပိန်တိုက်စစ်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး အာဂတ် ဒဏ်ရာရရှိသွားခဲ့လို့ မော်ရိုကိုခံစစ်အားနည်းသွားချိန်မှာ

စပိန်နည်းပြ အန်းနရစ်က မိုရာတာနဲ့ နီကိုဝီလီယံတု့ိကိုထည့်ပြီး တိုက်စစ်မြှင်ခဲ့ပေမယ့် သွင်းဂိုးရလာအောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဒါ့အပြင် မော်ရိုကိုရဲ့ တန်ပြန်တိုက်စစ်ကလည်း အဆုံးသတ်သာကောင်းမွန်ခဲ့မယ်ဆိုရင်

စပိန်တို့ ဂိုးပေးရလောက်တဲ့အထိ ခံစစ်ပိုင်းကိုထိုးဖောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နှစ်သင်းလုံးဟာ မိနစ် ၉၀ ပြည့်တဲ့ထိ အဖြေမပေါ်တာကြောင့် အချိန်ပို နာရီဝက်ဆက်ကစားခဲ့ရပြီး

ပင်နယ်တီ အဆုံးအဖြတ် ကစားခဲ့ရာမှာတော့ မော်ရိုကိုက (ဝ-၃) ရလဒ်နဲ့ စပိန်ကိုအနိုင်ရသွားခဲ့ပါတယ်။

zawgyi