ဒါဘီပွဲမှာ ရော်နယ်ဒို မပါနိုင်ဘူးဆိုတဲ့သတင်းအပေါ် ယူနိုက်တက်ပရိသတ်တွေရဲ့တုံ့ပြန်မှု

ယနေ့ည မန်စီးတီးနဲ့ကစားရမယ့် မန်ချက်စတာဒါဘီပွဲမှာ

ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒို မပါဝင်နိုင်ဘူးလို့
သတင်းတွေထွက်ပေါ်နေမှုအပေါ် ယူနိုက်တက်အသင်း
ပရိသတ်တချို့ကတော့ ဝမ်းသာကျေနပ်နေကြပါတယ်။
မန်ချက်စတာညနေခင်း သတင်းစာရဲ့ဖော်ပြချက်အရ
ယနေ့ည အဝေးကွင်းပွဲမှာ ရော်နယ်ဒိုအပြင်

နောက်ခံလူ ဗာရန်းနဲ့ ဘယ်နောက်ခံလူ လုခ်ရှောတို့လည်း
လွဲချော်မှာဖြစ်ကြောင်း သိရပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ
အခုနောက်ပိုင်း ဂိုးသွင်းစွမ်းရည်ကျဆင်းနေပြီး
ပြိုင်ပွဲစုံ ၁၀ပွဲမှာ ၁ဂိုးပဲ သွင်းယူထားနိုင်ပါတယ်။


ယူနိုက်တက်ပရိသတ်တွေဟာ ရော်နယ်ဒို
မပါနိုင်ဘူးဆိုတဲ့ သတင်းနဲ့ပတ်သက်လို့
လူမှုမီဒီယာမှာ သူတို့ရဲ့အမြင်တွေကို

အသီးသီးရေးသားခဲ့ပြီး တချို့က ရော်နယ်ဒိုပါဝင်တဲ့
ယူနိုက်တက်ဟာ ခန့်မှန်းရအရမ်းလွယ်ကူတယ်လို့ ဆိုပါတယ်။
”အဲဒါကြောင့်ပဲ ရော်နယ်ဒိုရဲ့ fanboys ကို
ကြည့်မရတာပေါ့။ ကျွန်တော်တို့အသင်းက
ပြီးခဲ့တဲ့ရာသီမှာ စီးတီးကို အနိုင်ယူပြီး လိဂ်မှာလည်း

အဆင့် ၂ နေရာရခဲ့တယ်။ အားလုံးလည်း
အလုပ်ကောင်းကောင်းလုပ်လို့ လမ်းကြောင်းမှန်ပေါ်
ပြန်ရောက်လာတယ်။ အဲဒီနောက် ရော်နယ်ဒို ရောက်လာတာပဲ။
သူရောက်လာတာနဲ့ အသင်းလည်း ပြန်ပျက်သွားတယ်။
သူနဲ့ သူ့ပရိသတ်တွေ အမြန်ဆုံးထွက်သွားဖို့ မျှော်လင့်နေရတယ်”

”ဒီရာသီမှာ စီးတီးနဲ့ ယူနိုက်တက်တို့ကို
ကြည့်ရတာ အတော်လေးကွာခြားတယ်။
ယူနိုက်တက်က ရော်နယ်ဒိုပါရင် အရမ်းမှန်းရလွယ်တယ်။
စီးတီးကတော့ အဲဒီလိုမှန်းဆရလွယ်တဲ့အသင်းတွေကို
ဖျက်ဆီးပစ်နေပါတယ်”


”ရော်နယ်ဒို မပါဘူးပေါ့။
ကျေးဇူးကြီးပါတယ် ဘုရားသခင်။
သူ့ကို အများကြီးလေးစားပါတယ်။

ဒါပေမဲ့ သူ့ရဲ့အကောင်းဆုံးအချိန်က
ပြီးဆုံးသွားတာ အတော်လေးကြာပါပြီ။
သူမပါလို့ ကိုယ်တွေ အနိုင်ရမယ်လို့
ဆိုလိုတာမဟုတ်ပေမယ့် ရလဒ်ကောင်း
ရဖို့ အခွင့်အရေးပိုများလာတာတော့ အမှန်ပဲ”

”ရော်နယ်ဒိုက ဂိုးပေါက်ပျောက်နေတာလေ။
ဒါဘီပွဲမှာလည်း သူဘာမှလုပ်ပြနိုင်မှာမဟုတ်ဘူး”လို့
ယူနိုက်တက်ပရိသတ်တချို့က ရေးသားခဲ့ပါတယ်။
ယူနိုက်တက်နည်းပြ ရန်းနစ်ဟာ ဒါဘီပွဲမှာ
ခံစစ်အားပြုကစားကာ တန်ပြန်တိုက်စစ်နဲ့

ထိုးဖောက်ဖို့ ပြင်ဆင်ဖွယ်ရှိနေရာ
ဒီကစားကွက်နဲ့ဆိုရင် ရော်နယ်ဒိုက
အသင်းနဲ့ အံဝင်နိုင်မှာမဟုတ်ပါဘူး။
ရော်နယ်ဒိုဟာ ယခုရာသီမှာ အသင်းရဲ့
ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေဆဲဖြစ်ပြီး

ပြိုင်ပွဲစုံ ပွဲ ၃၀ မှာ ၁၅ဂိုးသွင်းယူကာ
ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ပေးထားပါတယ်။